ဧရာဝတီတိုင်း မှာ စပါးရိတ်ခြွေစက် ငှားရမ်းခ ၃ဆခန့် မြင့်တက်
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်။
မြန်မာနိုင်ငံ၏ ဆန်စပါး အများဆုံး စိုက်ပျိုး ထုတ်လုပ်သော ဧရာဝတီတိုင်းအတွင်း စပါးရိတ်ခြွေစက် ငှားရမ်းခ ဈေးနှုန်းများက ယခင်နှစ်ထက် ၃ ဆ နီးပါး မြင့်တက်လာသည်ဟု ဒေသခံ တောင်သူများက ပြောသည်။
စပါးရိတ်ခြွေစက် ငှားရမ်းခမှာ ပြီးခဲ့သည် နှစ်က မိုးစပါးရိတ်သိမ်းချိန်တွင် တစ်ဧကကို ကျပ်လေးသောင်း ရှိခဲ့ရာ မှ ယခုနှစ်တွင် တစ်ဧကကို ကျပ်တစ်သိန်းနှစ်သောင်းကျော်အထိ မြင့်တက်လာသည်ဟု တောင်သူများ က ဆိုသည်။
ယခုကဲ့သို့ စပါးရိတ်ခြွေစက် ငှားရမ်းခ မြင့်တက်လာရခြင်းမှာ စပါးရိတ်ခြွေစက် လည်ပတ်အသုံးပြုရာ၌ လိုအပ် သည့် ဒီဇယ်၊ စက်သုံးဆီ အလုံအလောက် ဝယ်၍မရသောကြောင့် ဖြစ်သည်ဟု စပါးရိတ်ခြွေစက် ငှားရမ်းသော လုပ်ငန်းရှင်များက ပြောသည်။
ပုသိမ်မြို့မှ စပါးရိတ်ခြွေစက် ငှားရမ်းသည့် လုပ်ငန်းရှင် တစ်ဦးက “ဒီဇယ် နဲ့ ဓါတ်ဆီက လိုသလောက် မရဘူး။ မှောင်ခိုဈေး ပေးဝယ်ရတော့ ဈေးနှုန်းက ပါမစ်ရ ပန့်ဆိုင်ကြီးတွေ ရဲ့ ထုတ်ဈေးထက် ဈေးပိုပေးရတယ်။ အဲဒီ တော့ ငှားရမ်းခက ဈေးတက်ရတော့တယ်” ဟု ပြောသည်။
အခြား သွင်းအားစုနှင့် စားသုံးကုန်ပစ္စည်းများ၏ ကုန်ဈေးနှုန်းများလည်း တက်နေသည့်အတွက် အမြတ်အစွန်း သိပ်မရှိလှဘဲ လုပ်သားခစရိတ် ရရှိရေး၊ လုပ်ငန်း ရပ်မသွားရေးနှင့် ဝမ်းရေးတို့အတွက် မဖြစ်မနေ ဆက်လက် လုပ်ကိုင်နေရသည်ဟု စပါးရိတ်ခြွေစက် ငှားရမ်းသည့် လုပ်ငန်းရှင်အချို့က ဆိုသည်။
လက်ရှိ အခြေအနေမှာ စစ်ကောင်စီက သတ်မှတ်ဈေးနှုန်းများဖြစ်သော ဒီဇယ်ဆီ တစ်ဂါလံ ကျပ် ၉၀၀၀ မှ ကျပ် ၁၀,၂၀၀ အထိ မြင့်တက်လာပြီး ပြင်ပမှောင်ခိုပေါက်ဈေးမှာ တစ်ဂါလံကို ကျပ် ၁၄,၀၀၀ ဖြစ်သည်။
နိုင်တီတူး (92) ဓါတ်ဆီမှာမူ စစ်ကောင်စီ သတ်မှတ်ရောင်းဈေး တစ်ဂါလံ ကျပ် ၁၀,၀၀၀ မှ ကျပ် ၁၁,၄၀၀ ကျပ် အထိ ဈေးမြင့်တက်လာပြီး ပြင်ပမှောင်ခို ပေါက်ဈေးမှာမူ တစ်ဂါလံကို ကျပ် ၁၆,၀၀၀ ဖြစ်သည်ဟု ဆိုသည်။
ဧရာဝတီတိုင်း အတွင်းက တောင်သူ အများစုမှာ လယ်ယာလုပ်ငန်းကို စက်ကရိယာများဖြင့် လုပ်ကိုင်နေကြ သည်ဖြစ်ရာ လိုအပ်သော စက်သုံးဆီ၊ ဒီဇယ် နှင့် ဓါတ်ဆီတို့ကို အလုံအလောက် ဝယ်ယူ၍မရခြင်း၊ လုပ်ငန်း ခွင်သုံး အတွက် သယ်ယူသိုလှောင်ခွင့် မရခြင်းတို့ကြောင့် အခက်အခဲများဖြင့် တွေ့ကြုံနေရသည် ဟု တောင်သူ များက ပြောသည်။
ကန်ကြီးထောင့်မြို့နယ်က တောင်သူ ဦးလှဝင်းက “အခုချိန်က ရေကျနောက်စိုက် စပါးတွေ စရိတ်နေကြပြီ ဆောင်းသီးနှံ နွေစပါးကလည်း ရိတ်သိမ်းချိန်က နီးလာ တော့ အဆက်မပြတ်ဖို့လိုတယ်။ မဖြစ်မနေ စက်တွေ ငှား ရတယ်။ အဖမ်းအဆီးတွေ ကြားက ပေးကမ်း လာဘ် ထိုးပြီး မှောင်ခို စက်သုံးဆီတွေ အကြွေးနဲ့ ဝယ်သုံးရ တယ်“ ဟု ပြောသည်။
လယ်ပေါ်သည်နှင့် စပါးပေး အကြွေးများကို ဆပ်ရသည့် အတွက် ငွေကိုလက်ထဲ၌ပင် နွေးအောင် မကိုင်ရဘဲ လယ်သမားများ၏ ဘ၀က လယ်ထဲမှာ အကြွေးများဖြင့် ချာချာလည် နေသည်ဟု ကန်ကြီးထောင့်မြို့နယ် က တောင်သူ ဦးလှဝင်းက ဆက် ပြောသည်။
ဧရာဝတီတိုင်း အတွင်းက မြို့တိုင်း၌ ပါမစ်ရ ဆီပန့်ဆိုင်များ ရှိသော်လည်း စက်သုံးဆီ လိုအပ်ချက်ကို အပြည့် အဝ ဖြန့်ဖြူး ရောင်းချနိုင်ခြင်း မရှိဘူးဟု စက်သုံးဆီ ရောင်းဝယ်သူများက ပြောသည်။
ဧရာဝတီတိုင်း၏ တိုင်းမြို့ ဖြစ်သော ပုသိမ်မြို့တွင် စစ်ကောင်စီ၏ သတ်မှတ် ဈေးနှုန်းများဖြင့် ရောင်းချဖြန့်ဖြူး ပေးသော ပါမစ်ရ ဆီပန့်ဆိုင် ၁၇ ဆိုင် ရှိသော်လည်း တစ်ရက်ကို ပါ့မစ်ရ စက်သုံးဆီဆိုင် ၆ ဆိုင် ဝန်းကျင်သာ ကန့်သတ် ဂါလံ အရေအတွက်ဖြင့် အလှည့်ကျ ဖြန့်ဖြူး ရောင်းချပေးနိုင်သည် ဟု ဆီပန့်ဆိုင်ပိုင်ရှင်များနှင့် နီးစပ် သူအချို့က ပြောသည်။