မြိတ်အခြေစိုက် စစ်ကောင်စီ တပ်ရင်းများတွင် လုံခြုံရေးအစီအမံများ တိုးမြှင့်။
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်။
မြိတ်မြို့၌ရှိသည့် စစ်ကောင်စီတပ်ရင်းများတွင် ကတုတ်ကျင်းတူးခြင်း၊ ဘန်ကာအသစ် တည်ဆောက်ခြင်း၊ ခြံစည်းရိုးများ ပြန်လည်ပြုပြင်ခြင်းများနှင့် ညဘက်ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခြင်းစသည့် လုံခြုံရေး အစီအမံ တိုးမြှင့်ခြင်းများ လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။
လုံခြုံရေးအစီအမံတိုးမြှင့်ထားသည့် တပ်ရင်းများမှာ မြိတ်လေတပ်စခန်း၊ မြိတ် ၅/၁၀၀ဆေးတပ်ရင်း၊ ရှမ်း ချောင်း လမ်းမကြီးပေါ်ရှိ ထောက်ပို့တပ်ရင်း၊ ရွှေပေးကျေးရွာမှ ခလရ ၁၀၃ တပ်ရင်းနှင့် ကျွဲကူးကျေးရွာရှိ ခလရ ၁၀၁ တပ်ရင်းတို့ ဖြစ်သည်။
မြိတ်မြို့ရှိ တပ်ရင်းတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက “အခုက တပ်တွင်းလုံခြုံမှုရော၊ မြို့တွင်းလုံခြုံမှုရော အရမ်း ကြီး စေ့စေ့စပ်စပ် လုပ်လာတယ်။ ဘန်ကာတွေကို ခိုင်မာအောင် မြင့်အောင်လုပ်တာတွေ လုံခြုံရေးကို အရင်လို အရပ်၀တ်နဲ့ ဖြစ်သလို မစောင့်တော့ဘဲ ၀တ်စုံပြည့် လက်နက်နဲ့ စောင့်နေတာတွေက ထူးခြားနေတာ” ဟု ပြော သည်။
တပ်ရင်းအများစုက ရှိရင်းစွဲ ဘန်ကာများကို ဖျက်ပြီး ခြံစည်းရိုး တံတိုင်းများထက် တစ်ပေခွဲခန့် မြင့်သည့် ကွန်က ရစ်ဘန်ကာ အကြီးစားများပြန်လည်တည်ဆောက် နေသည်ဟု တပ်ရင်းများထဲ အဝင်အထွက် ပြုလုပ်နေသူ မြို့ခံ များက ဆိုသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှစ၍ လုံခြုံရေးတိုးမြှင့်ခြင်းများကို မြိတ်လေတပ်စခန်းတွင် စလုပ်နေခြင်းဖြစ်ပြီး ကျန်သည့်တပ်ရင်းများတွင် ယခုနှစ် ဇန်နဝါရီလတွင် စတင်လုပ်ဆောင်လာခြင်း ဖြစ်သည်။
ထို့အပြင် ပြီးခဲ့သည့် ဇန္နဝါရီလ တတိယအပတ်ခန့်စပြီး မြိတ်မြို့ လေတပ်စခန်းရှိရာ လေယာဥ်ကွင်းလမ်း တစ်လျှောက်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ဂိတ်ချထားပြီး ဖြတ်သန်းသွားလာခွင့် မပြုကြောင်း မြို့ခံများက ပြောသည်။
ယခု ရက်ပိုင်းများအတွင်း မြို့ထဲဘက်တွင် ညဘက် ယောက်ကျားလေး ၂ဦးစီးသည့် ဆိုင်ကယ်များအား မှောင် ရိပ်ခို ဖမ်းဆီးမှုများ ပြန်လည်တွေ့မြင်နေရသည်ဟု မြို့ခံအချို့က ပြောသည်။
မြိတ်မြို့ရှိ ခလရ ၁၀၁ တပ်ရင်းနှင့် ၁၀၃ တပ်ရင်းများမှာ လက်ရှိ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာအများစုနှင့် တနင်္သာရီမြို့နယ်မှ ကျေးရွာအများစုတို့ကို စစ်ကြောင်းထိုးနေသည့် တပ်ရင်းများ ဖြစ်သည်ဟု စစ်ကြောင်းထိုးခံ ရသည့် ကျေးရွာများမှ ရွာသားများက ပြောသည်။