မြိတ်တွင် နာရေးကူညီမှုအသင်း ရုံးခန်း အပါအဝင် နေအိမ် ၈ လုံးမီးလောင်

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်။

မြိတ်မြို့တွင် ဂရုဏာနာရေးကူညီမှု အသင်း ရုံးခန်း မီးလောင်ခဲ့ပြီး အနီးဝန်းကျင်ရှိ နေအိမ် ၇ လုံးကိုပါ မီးကူး
စက် လောင်ကျွမ်းခဲ့သည်ဟု မြိတ်မြို့ခံများက ပြောသည်။

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့၊ နံနက် ၂ နာရီခန့်က ဇေယျာသီရိ ၄ ရပ်ကွက် အောင်သပြေလမ်းရှိ ဂရုဏာနာရေး ကူညီမှုအသင်း၏ ရုံးခန်းမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုကြောင့် ဂရုဏာနာရေးကူညီမှုရုံး အပါအဝင် စုစုပေါင်း နေအိမ် ရှစ်လုံး၊ နာရေးကူညီမှုအသင်း၏ ကား နှစ်စီးနှင့် အိမ်စီးကား နှစ်စီးပါ မီးလောင်သွားခဲ့ကြောင်း မီးငြိမ်းသတ်ရာတွင် ပါဝင်ခဲ့သည့် ပရဟိတ အဖွဲ့ဝင်များ က ပြောသည်။

အောင်သပြေလမ်းအတွင်းနေထိုင်သူ အသက်၄၀ အရွယ် အမျိုးသားတစ်ဦးက “စိတ်မကောင်းစရာပါပဲ၊ နာရေး ကူညီမှု ရုံးခန်းရော လူနာတင်ကားတွေပါ မီးထဲပါသွားတယ်။ လူနေအိမ်တွေလည်း မီးလောင်ရာပါ သွားသေး တယ်၊ ဘာမှပြန်မရဘူး” ဟု ပြောသည်။

မီးစလောင်သည့်အချိန်မှာ လူအိပ်ချိန်ဖြစ်နေသော်လည်း နေအိမ်များတွင် ရှိနေသူများက အချိန်မှီ တိမ်းရှောင်နိုင် ခဲ့သည့်အတွက် လူထိခိုက်မှု မရှိခဲ့ဘူးဟု ဆိုကြသည်။

နံနက် ၃ နာရီ အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မြိတ်မြို့မှ မီးသတ်တပ်ဖွဲ့များ အပါအဝင် ပရဟိတအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ လာရောက်ကူညီ မီးငြိမ်းသတ်ပေးခဲ့ကြသည်။

ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကလည်း နောက်လယ်ရပ်ကွက်ရှိ အမှတ် ၁ ဆိပ်ကမ်း ဗောတံတားအနီး ချိုချိုဝင်း ကုန် တင်စက်လှေ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနီးတွင် ကပ်လျက်ရှိနေသည့် စက်လှေတစ်စီးပါ မီးကူးစက် လောင် ကျွမ်းခဲ့သေးသည်။

ပြီးခဲ့သည့် ဇန္နဝါရီလအတွင်းမှ စ၍ ဝန်ထမ်းရပ်ကွက်၊ အလယ်ကျွန်းရပ်ကွက်နှင့် ထားဝယ်စုရပ်ကွက်တို့တွင် မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး တစ်လခွဲအတွင်း မြိတ်မြို့တွင် မီးလောင်မှု ငါးကြိမ် ရှိပြီ ဖြစ်သည်။