ကျောင်းသားများသေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှု စစ်ကောင်စီ တာဝန်ခံရမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်။

ဓာတ်ပုံအထောက်အထားများ၊ ဗုံးမကြဲမီ လေယာဉ်များ ရောက်လာခဲ့သည်ဟု ပြောသည့် မျက်မြင်သက်သေများ အများအပြား ရှိသော်လည်း စစ်ကောင်စီက ထိုတိုက်ခိုက်မှုများကို ငြင်းဆိုသည်။ 

ထိုတိုက်ခိုက်မှုက ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက ဒေါဆီးအီကျေးရွာနှင့် လွိုင်နန်းဖ ကျေးရွာထဲက စာသင် ကျောင်းများ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်သည်။

ဒေသခံများ ပြောပြချက်အရ တိုက်ပွဲဖြစ်ပွားမရှိဘဲ တိုက်ခိုက်ခံလိုက်ရသည့် ဖြစ်စဉ်ဟု သိရသည်။

လူသေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှု သတင်းများသည် တရားမဝင် မီဒီယာများက ဝါဒဖြန့်သည့် သတင်း တုများသာ ဖြစ်သည်ဟု စစ်ကောင်စီ၏ မီဒီယာက ဖေဖော်ဝါရီလ ၅ ရက်နေ့ ညတွင် ကြေညာလိုက်သည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်အနေဖြင့် ဒီးမော့ဆိုမြို့နယ်ထဲ လေယာဉ်ပျံသန်းမှု မရှိဘူးဟုသာ ဘူးခံပြီး ၎င်းတို့၏ မီဒီယာက တဆင့် ပြောဆိုထားသည်။

မိမိတို့ ကိုယ်တိုင် ကျူးလွန်သည့် လုပ်ရပ်ကိုပင် ဝန်မခံရဲသည့် စစ်ကောင်စီတပ်ကို ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ (KSCC) နှင့် UNICEF တို့က ပြင်းထန်စွာ ကန့်ကွက် ပြစ်တင်ရှုတ်ချထားသည်။

ထိုကဲ့သို့သော ဖြစ်စဉ်မျိုး ၂၀၂၂ ခုနှစ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ လက်ယက်ကုန်းကျေးရွာရှိ ကျောင်း တစ်ကျောင်း လေကြောင်းမှ တိုက်ခိုက်စဉ် ရှိခဲ့သည်။ လူတိုင်းက အမှတ်ရနေကြသည်။ သို့သော် အမှတ်တရ ဖြစ်နေသည့်အရာမှာ နာကျည်းအမှတ်ရမှုသာ ဖြစ်သည်။ ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်းစာသင်ကျောင်း တိုက်ခိုက်ခံရမှုထဲ ကလေး ၇ ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၁၃ ဦး သေဆုံးသည်။

ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီစာသင်ကျောင်း ဗုံးကြဲခံရမှုထဲ စာသင်ရင်း အသက်ကြွေလွင့်ခဲ့ရသည့် ကလေးငယ် များအတွက် မြင်တွေ့ခဲ့ရသူတိုင်း ရင်နင့်အောင် ခံစားခဲ့ရသည်ဟု ဆိုကြသည်။

ထိခိုက်ဒဏ်ရာ ရရှိသွားသည့် ကလေးငယ်များမှာမူ အပြင်ခန္ဓာပေါ်က ဒဏ်ရာများ ပျောက်သွားအောင် ဆေး ကုသပေးနိုင်သော်လည်း အတွင်းစိတ်ဒဏ်ရာမှာမူ သေချိန်အထိ စွဲသွားမည့် အရာဟု ဆိုကြသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ဒီးမော့ဆို အနောက်ခြမ်းက စာသင်ကျောင်းတံခါးများ ပိတ်လိုက်ရပြီဟု ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူများက ပြောသည်။

လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်ခံလိုက်ရသည့် ထိုစာသင်ကျောင်းများမှ အစိုးရအဆက်ဆက် လက်ထက် ကတည်းက ရှိနေသည့် ကျောင်းများ ဖြစ်ပြီး လွိုင်နန်းဖကျောင်းမှာ အထက်တန်းအဆင့် ကျောင်းသားများပါ ပညာသင်ယူနေကြခြင်း ဖြစ်သည်။

သို့သော် အခုက လုံခြုံရေးကြောင့် ကျောင်းတွေက ပိတ်လိုက်ရပြီ။ ကလေးတွေ စာသင်ချိန်ကြီး ပစ်ခံရတာ၊ တိုက်ပွဲလည်းမရှိဘူး။ တိုက်ပွဲဖြစ်လို့ ပုန်းရင်း ရှောင်ရင်း ပစ်ခတ်ခံရတာမျိုးမဟုတ်ဘဲနဲ့ ပြင်ဆင်ချိန်တောင် မရလိုက်ပဲ အခုလို အပစ်ခံရတော့ ကလေးတွေမှာက အကုန်လန့်ကုန်ပြီ။ အားလုံး စိတ်ဒဏ်ရာ ကိုယ်စီနဲ့ ကလေးတွေရော မိဘတွေရော ကျနော်တို့ ကယ်ဆယ်ရေး လုပ်တဲ့လူတွေပါ မြင်ရတာက အဆင်မပြေဘူး ဟု ကူညီကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ခဲ့သူက ပြောသည်။

ကျောင်းသားများ သေဆုံးခဲ့ရသည့် ဖြစ်စဉ်တွင် အဓိက တာဝန်ရှိသူများကို တရားစွဲဆို အပြစ်ပေးနိုင်ရေးအတွက် အမျိုးသား ညီညွတ်ရေး အစိုးရ NUG နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ – IEC က ထုတ်ပြန်တောင်းဆိုလိုက်သည်။

ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of the Child – CRC) အရ “ကလေးတိုင်းတွင် ပင်ကိုယ်ဗီဇ အဖြစ် အသက်ရှင် နေထိုင်ခွင့်ရှိသည်” ဟူသော အချက်နှင့် ဂျီနီဗာ သဘောတူညီ ချက်များကိုလည်း စစ်ကောင်စီက အလေးထားမှု မရှိဘဲ ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟု IEC က ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ကလေးငယ်များနှင့် အရပ်သားများ အတွက် စစ်ကောင်စီ တွင် တာဝန်ရှိပြီး တရားမျှတမှုရရှိရန် လုပ်ဆောင်သွားမည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC တာဝန်ရှိသူများက ပြောသည်။

၎င်းဖြစ်စဉ်အတွက် စစ်ကောင်စီ၌ တာဝန်ရှိပြီး စက်ဆုပ်ရွံ့ရှာဖွယ် လုပ်ရပ်ဖြစ်သည်ဟု IEC အထွေထွေ အတွင်း ရေးမှူး ခူးပလုရယ်က ပြောသည်။

ဒီတရားမဝင် အာဏာသိမ်းစစ်တပ်ကပဲ ဒီတိုက်ခိုက်မှုမှာ လုံးလုံးတာဝန်ရှိတယ်ပေါ့နော ပြီးရင်တော့ ဒီလိုမဆိုင် တဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေ၊ ကလေးငယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာကလည်း ဒါတကယ့် စက် ဆုပ်ရွံ့ရှာဖွယ် အလုပ်ပေါ့။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဒေါဆီးအီကျေးရွာနှင့် လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း များအား စစ်ကောင်စီမှ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လေကြောင်းမှ လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ကျောင်းသား ၄ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ထိုဖြစ်စဉ်နှင့် ပတ်သက်၍

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီမှ ကလေးသူငယ်များအား တရားမဲ့စွာ သတ်ဖြတ်နေ ခြင်းကို ပြင်းထန်စွာရှုတ်ချထားသည်။ 

အဆိုပါ လုပ်ရပ်များအတွက် အဓိက တာဝန်အရှိဆုံးဖြစ်သော စစ်ခေါင်းဆောင်များ အပါအဝင် ကျူးလွန်ရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခဲ့သူများ၊ အားပေးအားမြောက် ပြုသူများ အားလုံးတွင် တာဝန်ရှိသည်ဟု ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုလုပ်ရပ်အတွက် အမိန့်ပေးသူ အဆင့်ဆင့်၌လည်း တာဝန်ရှိသည်ဟု CDM ဗိုလ်ကြီးဖြိုးပြည့်က ပြောသည်။

ဒါကတော့ မြေပြင် ကွန်မန်ဒါတွေပေါ့ မြေပြင်ကွန်မန်ဒါတွေနဲ့ အဲ့ဒီက တိုင်းမှူးတွေ၊ ဗျူဟာမှူးတွေ၊ တပ်မမှူး တွေက အမိန့်ပေးတယ်ပေါ့။ အမိန့်ပေးပြီးမှ အဲ့မှာ လေတပ်က pilot က ဘယ်နေရာကို သွားကြဲမယ်ဆိုတာကို အမိန့် ပြန်ခွဲရတာပေါ့။

စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် လူနည်းစုများ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အား ဆန့်ကျင် သည့် ရာဇဝတ်မှုနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတို့အား ချိုးဖောက်မှုမြောက် သည်ဟု ဖေဖော်ဝါရီ ၅ ရက်နေ့တွင် IEC ၏ ထုတ်ပြန်ချက်ထဲ၌ ရေးသားဖော်ပြထားသည်။

ထို့ကြောင့် IEC အနေဖြင့် သေဆုံးဒဏ်ရာ ရသွားသည့် စစ်ရှောင်ပြည်သူများ၊ ကလေးငယ်များ အတွက် တရား မျှတမှု ရရှိရန်နှင့် တရားခံ စစ်ကောင်စီအား အရေးယူဆောင်ရွက်မှု ပြုလုပ်နိုင်ရန် အထောက်အကူ ပြုနိုင်သော သက်သေ အထောက်အထား အချက်အလက်များကို သေချာစွာ မှတ်တမ်းတင်ထားသည်ဟု ဆိုသည်။

မှတ်တမ်းတင်ထားသည့် အထောက်အထားများကို ပြည်နယ်အဆင့်၊ တစ်နိုင်ငံလုံးအဆင့်၊ နိုင်ငံတကာအဆင့် အဆင့်တစ်ခုချင်းစီ၌ အရေးယူ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အရပ်ဖက်၊ တော်လှန်ရေး တပ်ပေါင်းစု၊ အစိုးရ တို့အပြင် တရားမျှတမှု ဖော်ဆောင်ရာတွင် ထဲထဲဝင်ဝင် လုပ်ဆောင်နေသော အင်အားစုများနှင့် အသေးစိတ် ညှိနှိုင်း ဆောင်ရွက်သွားရန်ရှိသည်ဟု ခူးပလုရယ်က ဆက်ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ပြည်တွင်း တရားရုံးများတွင် သာမက နိုင်ငံတကာ တရားရုံးများ တွင်ပါ တရားစွဲဆိုပြီး ထိခိုက်နစ်နာခဲ့ကြရသူများ အားလုံးအတွက် တရားမျှတမှု ပြန်လည်ရယူနိုင်ရေး တော်လှန် ရေး အင်အားစုများ အားလုံးနှင့် ပူးပေါင်းကာ ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထား သည်။

လူနည်းစုများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေအား ဆိုးရွားစွာ ချိုးဖောက်မှုများအတွက် စစ်ကောင်စီ တာဝန်ရှိသူများကို တရားစွဲဆို အပြစ်ပေးရန် သော်လည်းကောင်း၊ စစ်အုပ်စု အနေဖြင့် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရန် သော်လည်းကောင်း၊ NUG အစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ လက်ပိုက်ကြည့်မနေဘဲ အမြန်ဆုံး ဝိုင်းဝန်း အရေးယူ ဆောင်ရွက်ရန် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီက တောင်းဆိုလိုက်သည်။