သူဌေးကျွန်းဟော်တယ်ပိုင်ရှင်၏ ညီဖြစ်သူ ရဲအချုပ်တွင် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
ထိုင်းနှင့် မြန်မာနိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် သူဌေးကျွန်းဟော်တယ်ပိုင်ရှင် ဦးကျော်လွင်၏ ညီဖြစ်သူကို စစ်ကောင်စီ က ဖမ်းဆီးစစ်ဆေးနေချိန် သေဆုံးသွားသည်ဟု မိသားစုဝင်များကက ပြောသည်။
ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ နေအိမ်တွင် ဦးကျော်လွင်၏ ညီဖြစ်သူ ဦးနောင်ပိန် အသက် ၆၀ နှစ်ကို စစ် ကောင်စီ လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က စစ်ဆေးရန်ရှိသည်ဟု ဆိုကာ လာရောက် ဖမ်ဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် “ဦးနောင်ပိန် ဆုံးသွားတယ် ဆိုပြီး မိသားစုဝင်တွေကို အကြောင်းကြားလာတယ်။ အလောင်းတော့ ပြန်မရသေးဘူး၊ အားလုံးက ဘယ်လိုအခြေအနေ ရှိမှန်း မသိတော့ စိုးရိမ်ကြောက်လန့် နေရတယ်” ဟု အမည် မဖော်လိုသူ မိသားစုတစ်ဦးက ပြောသည်။
ဦးနောင်ပိန်အား ၎င်း၏ နေအိမ်မှ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖမ်းဆီးသွားပြီးနောက် ဖေဖော်ဝါရီလ ၁၁ ရက် နေ့တွင် သေဆုံးသွားကြောင်း မိသားစုအား အကြောင်းကြားလာခြင်း ဖြစ်သည်။
ဦးနောင်ပိန်သည် ကော့သောင်း ရဲစခန်းတွင် ချုပ်နှောင်ခံရပြီးနောက် ဖမ်းဆီးထားသည့် အခန်းအတွင်း၌ ကြိုးဆွဲ ချ သတ်သေသွားသည်ဟု ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နေ့လယ်ပိုင်းတွင် မိသားစုထံ အကြောင်းကြားခဲ့သည် ဟု မိသားစုဝင်များက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကော့သောင်းမြို့မှ ဦးကျော်လွင်၏ ညီအစ်ကိုများ၊ ဆွေမျိုးများနှင့် ရင်းနှီးသော အသိ
မိတ်ဆွေများမှအစ စစ်ကောင်စီက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း နီးစပ်သူများက ပြောသည်။
လက်ရှိတွင် ထိုင်းအထူးစုံစမ်း စစ်ဆေးရေး အဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဦးကျော်လွင်ကို ဖမ်း၀ရမ်း ထုတ်ပြီးနောက် ဘန်ကောက်နှင့် ရနောင်းမြို့ရှိ နေရာ ၂၇ ခုကို ဝင်ရောက် စစ်ဆေးပြီး ပိုင်ဆိုင်မှုများကို ချိပ် ပိတ် သိမ်းဆည်းခဲ့သည်။
ပိုင်ဆိုင်မှုများကို ချိပ်ပိတ်သိမ်းဆည်းခဲ့သည့်အပြင် ဆက်စပ်သူ လူ ၇ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု
ထိုင်းသတင်းများက ဆိုသည်။
ဖမ်းဝရမ်းထုတ်ခံထားရသူ ၁၈ ဦးအနက် ဦးကျော်လွင်အပါအဝင် လူ ၁၁ ဦးမှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ဆိုသည်။
ကော့သောင်းမြို့ သူဌေးကျွန်းဟိုတယ် ပိုင်ရှင် ဖြစ်သူ ဦးကျော်လွင်အား တရားမဝင် အွန်လိုင်း လောင်းကစားမှု များ၊ ငွေကြေး ခဝါချမှုများနှင့် ပြည်ပနိုင်ငံသို့ စက်သုံးဆီ တင်ပို့ရာတွင် အခွန်ရှောင်မှုတို့ဖြင့် ထိုင်းနိုင်ငံမှ ဖမ်း
၀ရမ်း ထုတ်ထားသည့်အပြင် မြန်မာဖက်ကလည်း အလားတူ ဖမ်း၀ရမ်းကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။