တနင်္သာရီ မြို့ဟောင်းအနီး ရွာသားတစ်ဦး မြေမြုပ်မိုင်းကြောင့် သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။

တနင်္သာရီမြို့နယ် မြို့ဟောင်းရွာအနီး လမ်းပိုင်းတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး အသက်သေဆုံးခဲ့သည်ဟု ရွာသားများက ပြောသည်။

မော်တုန်းကျေးရွာအုပ်စု ကမ်းရိုးတန်းရွာသား အသက် ၆၀ နှစ် အရွယ် ဦးဟာဂျီ ဆိုသူသည် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ နံနက် ၉နာရီခန့်က မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

ဦးဟာဂျီသည် မြို့ဟောင်းကျေးရွာတွင် အလှူငွေသွားရောက် ကောက်ခံရာမှအပြန် လမ်းပိုင်းတစ်နေရာတွင် မိုင်း နင်းမိခဲ့ခြင်း ဖြစ်ကြောင်း မြို့ဟောင်းရွာသားတစ်ဦးက ပြောသည်။

မျက်မြင်တွေ့ရှိသူ ကမ်းရိုးတန်းရွာသား တစ်ဦးက “ခြေထောက်တဖက်က ထိတဲ့နေရာမှာ ပြတ်ကျန်ခဲ့တယ်၊ တဖက်ကတော့ အရိုးကျိုးပြီးအသားတွေနဲ့ တွဲလောင်းကြီး ဖြစ်နေတယ်” ဟု ပြောသည်။

မိုင်းနင်းမိခြင်းကြောင့် ခြေနှစ်ဖက်စလုံး ပြတ်သွားခဲ့သည့်အပြင်၊ ဆီးခုံပွင့်ထွက် ဒဏ်ရာပါ ရရှိခဲ့သဖြင့်
တနင်္သာရီမြို့နယ်ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရသည်။

တနင်္သာရီမြို့နယ် ဆေးရုံတွင် အရေးပေါ်ဆေးကုသမှု ခံယူပြီးမှ မြိတ်မြို့ ၅/၁၀၀ စစ်တပ်ဆေးရုံကို ဆက်လက် ပို့ဆောင်ခဲ့ရပြီး ည ၁၂ နာရီအချိန်ခန့်တွင် သေဆုံးသွားသည်ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။

မော်တုန်းကျေးရွာ အခြေစိုက် အမတ – ၃၀၆ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့က တပ်ရင်း အနီးတဝိုက်တွင် မြေ မြုပ်မိုင်းများ ထောင်ထားလေ့ရှိသည့်အတွက် ယခုနင်းမိသည့် မိုင်းကိုလည်း အမတ – ၃၀၆ တပ်ရင်းက ထောင် ထားသည့် မိုင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကလည်း အရှေ့မော်တုန်းရွာသားတစ်ဦး အမတ – ၃၀၆ တပ်ရင်း အနီးရှိ တောင်တွင် ဝါးသွားခုတ်ရင်း မိုင်းနင်းမိကာ ခြေနှစ်ဖက်ဆုံးရှုံးခဲ့ဖူးသည်။