စစ်တိုက်ရန် ငြင်းဆိုသူ ပေါ်တာများအား အစုအပြုံလိုက်ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။

မူးယစ်ဆေးဖြတ် စခန်းမှ ပေါ်တာဆွဲခံရသည့် လူငယ် ၁၂၀ ဦး စစ်တိုက်ရန် ငြင်းဆိုသောကြောင့် ပအိုဝ်းပြည်သူ့ စစ် PNA အဖွဲ့က ပစ်သတ်လိုက်သည် ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် စစ်တိုက်ရန် ငြင်းဆိုခဲ့သည့် လူငယ် ၁၂၀ ဦးကို စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNA)က ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

သတင်းနှင့် မီဒီယာ ကွန်ရက်အနေဖြင့် အရေအတွက် အတိအကျကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထိုလူငယ်များမှာ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့၊ ကက္ကူသွားလမ်းရှိ အောင် ဆုဗွေ မူးယစ်ဆေးဖြတ်စခန်းမှ ပေါ်တာဆွဲခံရသူများ ဖြစ်သည်။

ပစ်သတ်ခံရသူများနှင့် နီးစပ်သူ တစ်ဦးက “သူတို့က အဲ့ဆေးဖြတ်တဲ့ အကျဉ်းသားတွေကို ရှေ့တန်း တက်ခိုင်း တာပေါ့။ သူတို့ကလည်း မတက်ချင်ဘူး။ ပအိုဝ်းချင်းချင်းလည်း မတိုက်ချင်ဘူး ဆိုတော့ အကုန်ပစ်သတ် လိုက်တာ” ဟု ပြောသည်။

အဆိုပါ လူငယ်များမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ကတည်းက ပစ်သတ်ခံခဲ့ခြင်း ဖြစ်ပြီး PNA မှ ခြိမ်းခြာက် နှုတ် ပိတ်ထားသောကြောင့် ရွာခံများအနေဖြင့် ယခုချိန်မှ သတင်းပေးခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ပစ်သတ်ခံရသည့် ရုပ်အလောင်းများကို ကက္ကူရွာတောင်ဘက် လွယ်တောင်ကျေးရွာရှိ သင်္ချိုင်း၌ ညတွင်းချင်း မြုပ်နှံခဲ့ပြီး အလောင်းသယ်ယူပေးသည့် ရွာခံ ၃ ဦးကို တစ်ဦး ကျပ်နှစ်သိန်းခွဲစီ ပေးခဲ့သည်ဟု ဆိုသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “တချို့က ပြန်ပြောတာပေါ့နော်။ ငါတို့က ဆေးလာဖြတ်တာ၊ စစ်သား လာ လုပ်တာ မဟုတ်ဘူး ဘာညာပေါ့။ ပြီးတော့ အခုမှ ဝင်လာတဲ့ ပြည်သူ့စစ်ကို ရှေ့တက်ခိုင်းတာက မတရားဘူး ရှင်းပြတာပေါ့။ ဒါပေမယ့် သိတဲ့အတိုင်း PNA က တစ်ဖက်ပိတ် ဆိုတော့ လက်မခံဘူးလေ။ သူတို့လည်း စစ်တပ် လိုပဲ အမိန့်လွန်ဆန်ရင် ပစ်သတ်တာပဲ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ PNA ဘက်မှ တာဝန်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA အဖွဲ့သည် ၁၉၉၁ နှစ်တွင် အပစ်ရပ်ခဲ့ပြီး PNO ခေါ် နိုင်ငံရေးပါတီနှင့် PNA ခေါ် ပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်သည်။

လက်ရှိတွင် NCA အပစ်ရပ်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ့် PNLO/PNLA နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများထဲ တပ်သားသစ်များ စုဆောင်းလျှက်ရှိသည်။

ယခင်ကတည်းက အောင်ဆုဗွေစခန်းတွင် မူးယစ်ဆေးလာဖြတ်သည့် လူငယ်များ နှစ်စဉ် ရာချီရှိသော်လည်း အမှန်တကယ် ဆေးပြတ်ခြင်း မရှိဘဲ အများစုမှာ နေရပ်ပြန်ရောက်သည့် အချိန်တွင် မူးယစ်ဆေး ၂ ဆ ပိုသုံးစွဲ လာကြသည်ဟု မိသားစုဝင်များက ပြောသည်။

လတ်တလောတွင် ဆီဆိုင်မြို့ပေါ်ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) မှ ထိန်းချုပ်ထား နိုင်ပြီး ဆီဆိုင်မြို့နယ်တွင်း ကျေးရွာများနှင့် ဆိုက်ခေါင်မြို့မှ အထိုင်ချထားသည့် စစ်ကောင်စီတပ်များမှ လက် နက်ကြီးများဖြင့် နေ့စဉ် ဆီဆိုင်မြို့သို့ ပစ်ခတ်မှုကြောင့် လူနေအိမ် အများအပြား မီးလောင်ပြာကျ ပျက်စီးနေ သည်ဟု ဒေသခံများက ပြောသည်။