ပုသိမ်မှာ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်များ အစုအပြုံလိုက် ဖယ်ရှားခံရ
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်။
ဧရာဝတီတိုင်း စစ်ကောင်စီအဖွဲ့ ရုံးစိုက်သော ပုသိမ်မြို့ရှိ အမှတ် ၁၃ ရပ်ကွက်က ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် အားလုံးကို အစုအပြုံလိုက် ဖယ်ရှားလိုက်သည် ဟု ဒေသခံများက ပြောသည်။
အဆိုပါရပ်ကွက်က အုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူး နှင့် ဆယ်အိမ်မှူး စုစုပေါင်း ၂၀၀ ကျော်ကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၆ ရက်နေ့က ဖယ်ရှားလိုက်သည်ဟု ပုသိမ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းတစ် ဦးက အတည်ပြု ပြောသည်။
ထွေ/အုပ်ဦးစီးဌာန ဝန်ထမ်းတစ်ဦးက “အထက်က ညွှန်ကြားတာတွေကို အကောင်အထည် မဖေါ်နိုင်ကြဘူး၊ ဘာခိုင်းခိုင်း ဆင်ခြေများတယ်၊ အဲ့ဒါမျိုးကို အထက် လူကြီးတွေက မကြိုက်ဘူးလေ၊ နောက်ပြီး လုပ်အားပေး အတွက်တောင် လူစုမပေးနိုင်ဘူး၊အဲဒါ ကြောင့် သူတို့တဖွဲ့ လုံးကို ဖြုတ်ပစ်လိုက်တာ” ဟု ပြောသည်။
ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် အဖြစ်က ဖယ်ရှားခံရသော ရာအိမ်မှူး၊ ဆယ်မှူး အများစုမှာ ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ဖြစ်ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ဝန်းရံသူအချို့လည်း ပါဝင် သည်ဟု ဖယ်ရှားခံရသော ဆယ်အိမ်မှူး၊ ရာအိမ်မှူး အချို့က ပြောသည်။
အမှတ် ၁၃ ရပ်ကွက်တွင် လစ်လပ်သွားသော ဆယ်အိမ်မှူး၊ ရာအိမ်မှူး နှင့် အုပ်ချုပ်ရေးမှူးနေရာများတွင် စစ်မှု ထမ်းဟောင်းများ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ ပျူစောထီးအဖွဲ့ဝင်များကို စစ်ကောင်စီအဖွဲ့က အစားထိုးခန့်ထား လိုက်သည်ဟု ဆိုသည်။
အဆိုပါ အမှတ် ၁၃ ရပ်ကွက်တွင် ၁၉၉၅ ခန့်ကပင် စစ်မှုထမ်းဟောင်းများကို နေရာချထားပေးသည့် စံပြတိုးချဲ့ ကွက်သစ်နှစ်ခု ရှိနေခြင်းကြောင့် ရပ်ကွက်တစ်ခုတည်းမှာပင် စစ်မှုထမ်းဟောင်းများဖြင့် ရာအိမ်မှူးနှင့် ဆယ်အိမ် မှူး အများအပြားကို ခန့်ထားပေးနိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဖယ်ရှား ခံရသည့် ဆယ်အိမ်မှူး တစ်ဦးက “ဖယ်ရှားခံရတာ ကြိုက်ပါတယ်။ မတရား ခိုင်းတာတွေကများနေလို့ နုတ်ထွက်စာလည်း အရင်ကတည်းက တင်ထားတယ်။ လုပ်ချင်လို့ ဝင်လုပ်တာလည်း မဟုတ်ဘူး။ ကလေ ကချေတွေ ရပ်ကွက်ထဲ လူကြီး တက်လုပ်ရင် ရပ်ကွက် နာမှာ စိုးလို့ ဝင်ခဲ့လုပ်တာ” ဟု ပြောသည်။
စစ်သားစုဆောင်း ခိုင်းခြင်း၊ စစ်သင် တန်းတက်ခိုင်းခြင်း၊ အပတ်စဉ်တိုင်း လုပ်အားပေး လုပ်ခိုင်းခြင်း၊ စစ်ကောင် စီ၏ ဝန်ကြီးချုပ် တက်ရောက်သော လမ်းဖွင့်ပွဲ၊ ဘောလုံးပွဲ၊ ဈေးရောင်းပွဲစသည့် အခန်းအနားမျိုးစုံနှင့် တပ် ထောက်ခံပွဲများ အတွက် ဖိအားပေး လူစုခိုင်းခြင်းတို့ကြောင့် ရပ်ကွက်အတွင်း နေထိုင်သူများ နှင့် ဆက်ဆံရေး အခက်အခဲများ ရှိသည်ဟု ဖယ်ရှားခံလိုက်ရသော ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များက ပြောသည်။
ထိုကဲ့သို့ ဖိအားပေးကာ အတင်းအကြပ်ကိုင် ခိုင်းစေမှုများရှိခြင်းကြောင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် အချို့ က ရာအိမ်မှူးများ ပြီးခဲ့သော ဇန္နဝါရီလ ဒုတိယပတ် အတွင်းက အစုလိုက်အပြုံလိုက် နုတ်ထွက်စာ တင်ကြရာ တွင် ပုသိမ်မြို့နယ် အတွင်းက ရာအိမ်မှူးများလည်း အများအပြား ပါဝင်ခဲ့သည်ဟု အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန အသိုင်းအဝိုင်းထံမှ သိရသည်။
ဓါတ်ပုံ – ပုံဟောင်း