တိုက်ပွဲတွင် ပအိုဝ်းပြည်သူ့စစ် ၈ ဦးထက်မနည်း သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်။

စစ်ကြောင်းထိုးလာသည့် ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့ကို PNLA က ဆီးကြိုတိုက်ခိုက်ရာ ၈ ဦးထက်မနည်း သေဆုံးခဲ့သည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ မြောက်ဘက် တစ်နေရာတွင် ပအိုဝ်း ပြည်သူ့စစ် (PNA) စစ်ကောင်စီ ပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု မြေပြင် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့တွေ ပအိုဝ်းဒေသ လုံခြုံရေး အတွက် ကင်းလှည့်နေတဲ့ အချိန်မှာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေက ဒရုန်းတွေ လက်နက်ကြီးတွေ၊ စနိုက်ပါ တွေနဲ့ စတင် ချောင်းမြောင်း ပစ်ခတ်တာပေါ့။ ဒါနဲ့ ကျနော်တို့က ဒီဟာကို ပြန်လည် ခုခံရတယ်” ဟု ပြောသည်။

ပအိုဝ်းပြည်သူ့စစ် (PNA) စစ်ကောင်စီ ပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)တို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ ထိတွေ့တိုက်ပွဲထဲ PNA နှင့် စစ်ကောင်စီ ပူးပေါင်းတပ်ဘက်မှ ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး နယ်မြေ ရှင်းလင်းသည့် အချိန်တွင် အလောင်းများအရ အတည်ပြုနိုင်သည်ဟု PNLA မြေပြင်တပ်ဖွဲ့ဝင်များက ပြော သည်။

တိုက်ပွဲအပြီး ‌သေနတ် ၂ လက်၊ ကားတစ်စီးနှင့် ကျည်ဆံအချို့ကို PNLA က သိမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီနှင့် PNA တပ်သား အမြောက်အမြား ထွက်ပြေးလွတ်မြောက်သွားသည်။

တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီနှင့် PNA တပ်များ၏ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုကြောင့် ကျေးရွာ နေပြည်သူများမှာ ထွက်ပြေး တိမ်းရှောင်နေရပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။

PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ကတော့ ပအိုဝ်းအမျိုးသားချင်းချင်း ပြန်လည် တိုက် ခိုက်ဖို့ မူဝါဒလည်း မရှိသလို၊ တိုက်လည်း မတိုက်ခိုက်ဘူးပေါ့နော်။ ဒါပေမယ့် ကိုယ့်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် တော့ အပြည့်ရှိတယ်ပေါ့လေ။ ဒီနှစ်ပေါင်းများစွာ ကိုယ့်ကိုယ် အနိုင်ကျင့်နေတဲ့ စစ်အာဏာရှင်အတွက် အသက် ပေးပြီးတော့ တိုက်ခိုက်နေတဲ့ ပြည်သူ့စစ်ရဲဘော်တွေကို ပြောချင်တာက ကိုယ့်လုပ်ရပ်ကို သေသေချာချာ ပြန် စဉ်းစားပြီးတော့ ကိုယ့်လူထု ကိုယ့်လူမျိုးကို ပြန်တိုက်ခိုက်နေရတဲ့ ဘဝကနေ ရုန်းထွက်ပြီးတော့မှ အမျိုးသား ရေး လွတ်မြောက်ရေး လမ်းကြောင်းကို အမြန်ဆုံး ကူးပြောင်းလာဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။

ဆီဆိုင် တိုက်ပွဲစတင်သည့် ဇန္နဝါရီလ ၂၃ ရက်မှ စ၍ ယနေ့အချိန်ထိ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် ဆီဆိုင်မြို့နယ်အတွင်း ဘာသာရေး အဆောက်အအုံ ၇ လုံး၊ လူနေအိမ် အလုံးရေ ၅၀ ကျော် မီးလောင်ပြာကျ ပျက်စီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဆီဆိုင်မြို့နယ်မှ တောင်ကြီး၊ ညောင်ရွှေမြို့နယ်များသို့ စစ်ဘေးရှောင်လာသူဦးရေ ၂၀,၀၀၀ ကျော်ခန့် ရှိလာပြီး အကူအညီများ လိုအပ်နေသည်ဟု မြေပြင်ရှိ စစ်ရှောင်များအား အကူအညီပေးနေသူများက ပြော သည်။