ပအိုဝ်းပြည်သူ့စစ် အဖွဲ့ဝင် နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် အတူ အသေဖမ်းမိဟု PNLA ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်။
ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ကိုလာရောက်ချောင်းမြောင်း ပစ်ခတ်သော ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးအား မူးယစ်ဆေးဝါးနှင့်အတူ အသေ ပစ်ခတ်ဖမ်းဆီး ရမိခဲ့ သည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ မြောက်ဘက် တစ်နေရာတွင် လုံခြုံ ရေး ယူထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင်များအား ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ဖွဲ့ဝင်များမှ ချောင်းမြောင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု မြေပြင် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ပစ်ခတ်မှု ဖြစ်စဉ်အတွင်း PNLA ဘက်မှ ပြန်လည်ခုခံခဲ့ရာ PNA တပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အချို့မှာ ထွက်ပြေး လွတ်မြောက်သွားသည်ဟု ဆိုသည်။
PNLA ၏ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “သူတို့ဘက်က အင်အား ဘယ်လောက်လဲ ဆိုတာတော့ အတိအကျ မသိရဘူးပေါ့နော်။ လာချောင်းပစ်တာဆိုတော့။ ခန့်မှန်းခြေ ၃၀ လောက်တော့ ရှိမှာပေါ့။ အပြန် အလှန် ပစ်ခတ်မှု ဖြစ်တာပေါ့။ ၂ ယောက်ကျသွားတာ တွေ့တယ်။ အဲဒီ ၂ ယောက်ကလည်း အလောင်းကိုတော့ သူတို့ ပြန်ဆွဲ သွားတာပေါ့နော်” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ ညနေပိုင်း ပစ်ခတ်မှုတွင် အလောင်း ၂ လောင်းနှင့်အတူ မူးယစ်ဆေးဝါး (ယာဘ) အထုပ်ကြီး ၂ ထုတ်၊ အထုပ်သေး ၂ ထုပ်၊ ခဲယမ်းပစ္စည်းများနှင့် စစ်ဘက်သုံးဆိုင်ရာ နည်းပညာပစ္စည်း အချို့ကို သိမ်းဆည်း ရမိခဲ့သည်။
“ဖမ်းမိတာတို့၊ ပစ္စည်းသိမ်းမိတာတို့က အမြဲလိုလို မူးယစ်ဆေးဝါးတွေ ပါနေတာ တွေ့တယ်ပေါ့နော်။ အဓိကက တခြား မူးယစ်ဆေးဝါးတော့ မပါဘူး။ အဲဒီ ယာဘ ဆေးပြားတွေ ပါတာပေါ့နော်။ ပုံစံကြည့်ရတာတော့ စုဆောင်းထားတဲ့ တပ်သားသစ်တွေ အဲ့လိုမျိုးတွေကို သူတို့က မူးယစ်ဆေးဝါး တိုက်ကျွေးပြီးတော့ ရှေ့တက်ရဲ အောင် ရှေ့တန်းတက်ခိုင်းတဲ့ အနေအထားတွေတော့ တွေ့ရတာပေါ့” ဟု PNLA ၏ စစ်ဘက်ဆိုင်ရာ ပြောရေးဆို ခွင့်ရှိသူက ပြောသည်။
စစ်ကောင်စီနှင့် PNA ပူးပေါင်းတပ်များသည် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်နေ့ ညနေပိုင်း၌ ဆီဆိုင်မြို့တွင်းရှိ နေရာ များကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ မြို့မဈေးကြီး မီးလောင် ပျက်စီးခဲ့သည်ဟု မြို့ခံပြည်သူများက ပြောသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာ တိုက်ပွဲတွင် အဓမ္မစုဆောင်းခံရသည့် PNA တပ်သား ၂ ဦးအား သုံ့ပန်းဖြစ် ဖမ်းဆီးရမိခဲ့သေးသည်။