ပအိုဝ်းပြည်သူ့စစ်အဖွဲ့က အင်းလေးမှ လူငယ်တစ်ဦးကို စွပ်စွဲဖမ်းဆီးပြီး ငွေညှစ်ကာ ပြန်လွှတ်ပေး

သတင်းနှင့်မီဒီယာကွန်ရက်။
ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သာလေးကျေးရွာအုပ်စု၊ လယ်ခြေကျေးရွာတွင် အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦး စွပ်စွဲ ဖမ်းဆီးခံရသည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။

ပအိုဝ်းပြည်သူ့စစ် (PNA) နှင့် အင်းလေးပျူစောထီး ခေါင်းဆောင် ဖိုးသာထူး (ခေါ်) ညီညီထွန်းတပည့်များမှ PDF ထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် အင်းတိန်ဘုရားလမ်းအတိုင်း ဆင်းလာပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်က ရိုက်နှက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

နီးစပ်သူ တစ်ဦးက “သူက ဓါတ်ဆီ ရောင်းတာ။ ပိုက်ဆံ နည်းနည်း ရှိတယ်။ သူ့ဆိုင်မှာ ဓါတ်ဆီဝယ်တဲ့ တစ် ယောက်က ကယား PDF ကို ထောက်ပံ့တော့ ကွင်းဆက်လိုက်လာတာ။ သူနဲ့တော့ မဆိုင်ပါဘူး။ ဒါပေမယ့် သိ တယ်မလား ချမ်းသာတော့ ငွေညှစ်တာပေါ့။ ကျားတွန်မှာတော့ PNO မရှိပါဘူး။ ကျားတွန်ကနေ ဖြတ်လာတာ ပေါ့” ဟု ပြောသည်။

၎င်းအား ဖမ်းဆီးပြီးသည့်နောက်တွင် နန်းပန်မြို့ နယ်မြေရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ညနေ ၄ နာရီခန့်တွင် မိသားစုဝင်များမှ သိန်း ၁၂၀ ဖြင့် ပြန်ရွေးခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် ယခုဖမ်းဆီးငွေညှစ်ခံရသူ နေထိုသည့် လယ်ခြေကျေးရွာတွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ စစ် ကောင်စီ ထောက်ခံသူများ နှစ်ဘက်လုံး မရှိဘဲ အေးရာအေးကြောင်း နေထိုင်သူများ ဖြစ်သည်ဟု ဆိုကြသည်။

သာလေးကျေးရွာအုပ်စုအတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက “ဖမ်းပြီဆိုကတည်းက သေချာပေါက် က ငွေညှစ်ဖို့ပဲ ဒါက သေချာတယ်။ အာဏာသိမ်းပြီးကတည်းက အင်းလေးဒေသမှာ လောင်းကစာဝိုင်းတွေ ပေါ လာတယ်။ အဲ့ဒါတွေကို ပျူတွေက ဆက်ကြေးယူပြီး လုပ်နေတာ။ စကစ (စစ်ကောင်စီ)က ပျူဖွဲ့ထားပေမယ့် လစာမပေးနိုင်ဘူးလေ” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကတည်းက အင်းလေးဒေသထဲရှိ ကျေးရွာအချို့တွင် ပျူစောထီးများမှ ဒေသခံ ပြည်သူများအား ဖမ်းဆီးငွေညှစ်လေ့ရှိသော်လည်း ယခုဖြစ်စဉ်မှာ သာလေးကျေးရွာအုပ်စုအတွင်း ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီခန့် ရှမ်းပြည်နယ် အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည် ဝင်း၏ လက်ရုံး တပည့်ဖြစ်သူ ဦးညီညီထွန်းမှ အင်းလေးဒေသအတွင်း ပျူစောထီး အယောက် ၇၀ အား လစာ ပေးမည်ဟု ဆိုကာ စည်းရုံး ဖွဲ့စည်းခဲ့သည်။

သို့သော် ၎င်းမှာ အမှန်တကယ် လစာမပေးနိုင်သောကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်အောက်ခံ ပျူ စောထီးများမှာလည်း ကျေးရွာနေပြည်သူများအပေါ် ခြိမ်းခြောက်ငွေညှစ်ကာ ပိုက်ဆံရှာနေကြသည်ဟု ရဲနှင့် နီးစပ်သူ အချို့က ပြောသည်။

ဓါတ်ပုံ – လယ်ခြေကျေးရွာ