ချောင်းသာ ဒေသအတွင်းက ရွာတစ်ရွာကို စစ်ကောင်စီ ဖျက်ဆီး၊ လူ ၂၀၀ နီးပါး အိုးအိမ်မဲ့ဖြစ်

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမြို့ ဒေသအတွင်းရှိ ရွာတစ်ရွာကို စစ်ကောင်စီက ဖျက်သိမ်း လိုက်သောကြောင့် လူ ၂၀၀ နီးပါး အိုးအိမ်မဲ့ ဖြစ်သွားသည်။

ချောင်းသာကမ်းခြေမြို့၊ ကန်ကြီးကျေးရွာအုပ်စု၊ ကန်ကြီးကျေးရွာနှင့် ငပိန်တလယ်ကျေးရွာ အကြားရှိ အိမ်ခြေ ၄၀ နီးပါး ရှိသော ဂွေးချိုကျေးရွာပြည်သူများသည် ယင်းဒေသတွင်းရှိ တော်လှန်ရေး အင်အားစုများကို ထောက်ပံ့ နေသည်ဟု ဆိုကာ စစ်ကောင်စီက ဖေဖေါ်ဝါလ ၂၀ ရက်နေ့တွင် ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

နှင်ထုတ်ခံရသည့် ရွာခံတစ်ဦး “ဒီတော ဒီတောင်ကို အမှီပြု ဝမ်းစာရှာတဲ့သူတွေက ဒီရွာလေးကို ဖြတ်ပြီး တော ထဲ ဝင်ကြရတာ။ ဘယ်သူ ဘယ် ဝါ ဘာလုပ်တယ် ဆိုတာ ရွာကလူတွေက မသိကြပါဘူး။ သာမန် သစ်ဝါးခုတ်တဲ့ သူတွေ မီးသွေးဖုတ်တဲ့ သူတွေ မုဆိုးတွေပဲ ထင်ကြတယ်လေ။ အဲ့ဒါကို စစ်တပ်က ခဏခဏ လာစစ်တယ်။ အခု တော့ PDF ရွာ ဆိုပြီး ရွာကို ဖျက်ပြီး လူတွေကို နှင်ထုတ်လိုက်တယ်” ဟု ပြောသည်။

နှင်ထုတ်ခံရသူ အချို့က ပုသိမ်၊ ချောင်းသာ ကားလမ်းဘေးက ဆိပ်ကြီး ခြောက်ကောင် စသည့် ရွာငယ်လေးများ တွင် ပြောင်းရွှေ့နေထိုင်ကြရပြီး အချို့က ချောင်းသာကမ်းခြေမြို့ နှင့် အောင်ချမ်းသာရွာသစ်ကို ပြောင်း‌ရွှေ့ နေထိုင်ကြရသည်ဟု ရွာသားများက ပြောသည်။

ဂွေးချိုကျေးရွာအနီးက ကန်ကြီးကျေးရွာရှိ ကင်းစခန်းမှာ ဒေသတွင်းရှိ တော်လှန်ရေး အင်အားစု အဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ဂွေးချိုကျေးရွာကို PDF ရွာအဖြစ် သတ်မှတ် စွပ်စွဲခဲ့သည် ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သော ၂၀၂၃ ခုနှစ် မတ်လအတွင်းက ကန်ကြီးကျေးရွာရှိ စစ်ကောင်စီ ကင်းစခန်းကို ဒေသတွင်းရှိ တော်လှန် ရေး အင်အားစုအဖွဲ့ တစ်ဖွဲ့က အငိုက်ဖမ်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ အမာခံ သတင်းပေးအဖြစ် နာမည်ကြီးသူ တစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရသည်။

အသက် ၇၀ ကျော်ရှိ နိုင်ကျဉ်းဟောင်း ဦးအောင်ထိန်က “စစ်ကောင်စီက ဧရာဝတီတိုင်းထဲမှာ PDF တွေ အခြေ စိုက်လို့ မရအောင် မြေလှန်စနစ် သုံးနေတာ။ ဒါမျိုးက ဗမာ စစ်တပ်ရဲ့ ခေါက်ရိုးကျိုးနေတဲ့ နည်းဗျူဟာပါ။ အရင် က ဧရာဝတီတိုင်းမှာ ဗကပ နဲ့ KNU ကို တိုက်တုန်းကလည်း ဒီနည်းပဲသုံးခဲ့တာ။ အပြစ်မဲ့ သာမာန်ပြည်သူ တွေ ဒုက္ခရောက်ကြရတယ်” ဟု ပြောသည်။
၁၉၉၂ ခုနှစ်က ဧရာဝတီတိုင်း အတွင်း KNU နှင့် စစ်တပ်တို့အကြား ဖြစ်ပွားခဲ့သော ဘိုကလေး-ထော်ပိုင် အရေး ၌လည်း စစ်တပ်က ဒေသခံများကို ဝါးချွန်ကိုင်ကာ ရှေ့ကတက်ခိုင်းပြီး ကရင်တိုင်းရင်းသားရွာများကို မီးရှို့ ဖျက်ဆီးခဲ့သည်။

စစ်တပ်က ကရင်တိုင်းရင်းသားရွာများ မြေလှန်မီးရှို့ဖျက်ဆီးခဲ့သည့် စနစ်ကို ကျင့်သုံးခဲ့သည်ဟု နိုင်ကျဉ်းဟောင်း ဦးအောင်ထိန် က ပြောသည်။

ဧရာဝတီတိုင်း အတွင်း ချင်း၊ ရခိုင် နှင့် ကရင် တိုင်းရင်းသားများမှာ ယခင်ကတည်းက ပြန့်နှံ့ နေထိုင်ကြသည့် အပြင် ချောင်းသာဒေသ အပါအဝင် ဧရာဝတီတိုင်း အနောက်ဘက်ခြမ်း ဒေသတွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်နေသော ရခိုင်ပြည်နယ် နဲ့ ရေလမ်း၊ ကုန်းလမ်း နယ်နမိတ် ထိစပ် နေသည်။

ထို့ကြောင့် စစ်ကောင်စီက ဧရာဝတီတိုင်း အတွင်း နေထိုင်ကြသော ဒေသခံ တိုင်းရင်းသားများကို မယုံသင်္ကာ ဖြစ်နေပြီး ဖမ်းဆီး စစ်ဆေးမှုများနှင့် လုံခြုံရေး အစီအမံများကို တိုးမြင့် ဆောင်ရွက်နေုခြင်း ဖြစ်သည်။