အရှေ့တောဒေသကို စစ်ကောင်စီလေတပ်မှ ရဟတ်ယာဥ်ဖြင့် ပထမဆုံးအကြိမ်ဗုံးကြဲ

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။

ထားဝယ်မြို့နယ် အရှေ့တောဒေသတွင် နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေချိန် စစ်ကောင်စီ လေတပ်မှ ရဟတ်ယာဥ် ဖြင့် ပထမဆုံးအကြိမ် လာရောက်ဗုံးကြဲသွားသည်ဟု ရွာသားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

အရှေ့တောဒေသ၊ ဝကုန်းရွာတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား ဖေဖေါ်ဝါ ရီလ ၂၁ ရက်နေ့ နံနက်အစောပိုင်းကတည်းက တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။

ထိုနေ့ မွန်းလွှဲ ၂ နာရီအချိန်ခန့်တွင် စစ်ကောင်စီလေတပ်မှ MI – 2 ရဟတ်ယာဥ်ဖြင့် ဝကုန်းကျေးရွာ တဝိုက်ကို ဗုံးသီး ၁၀ လုံး ကြဲသွားခဲ့ခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် ဗုံးသီး ၁၀ လုံး ကြဲချသွားသည့်အပြင် စက်သေနတ်ဖြင့်လည်း ပစ်ခတ် သွားသေးသည်ဟု ရွာသားများက ပြောသည်။

အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “တဂျိမ်း ဂျိမ်းနဲ့ ဗုံးကွဲသံတွေရော ရဟတ်ယာဥ်ပေါ်က စက်သေနတ်နဲ့ ပစ်တဲ့ အသံတွေပါ ဆူညံနေတာ ကိုယ်တိုင်ကြုံခဲ့တယ်။ ပုန်းနေတဲ့နေရာနဲ့ သိပ်မဝေးဘူး။ ဖုန်းလိုင်းတွေ ပြတ် နေတာရော ကောင်းကောင်းမရတာရောကြောင့် ထိခိုက်မှုတွေလည်း မသိရသေးဘူး” ဟု ပြောသည်။

သင်္ကန်းတုန်းကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးရောက်ရှိနေသည့် အချိန်ကတည်းက ဝကုန်းကျေးရွာ သို့ ဖုန်းဆက်သွယ်၎င်း မရဖြစ်နေသည်ဟု အဆိုပါ ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်ဖြင့် အရှေ့တောဒေသထဲသို့ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ ကတည်းက ကား ၁၇ စီးနှင့် ဝင်ရောက်လာတာဖြစ်သည်။

အဆိုပါ စစ်ကြောင်းမှာ ထိုင်းနယ်စပ်နှင့် မဝေးလှသည့် ထားဝယ်-ထီးခီး (လမ်းတလျှောက်)၌ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို မကြာခဏ ခံနေရခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က ထားဝယ်၊ တနင်္သာရီ၊ ပုလောနှင့် ကျွန်းစုမြို့နယ်များတွင် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲမှုများကို ယခု နှစ်ဆန်းပိုင်းမှစတင်၍ ခပ်စိပ်စိပ် လုပ်ဆောင်လာနေပြီး ထားဝယ် အရှေ့တောဒေသကို ယခု ပထမဆုံး အကြိမ် လေကြောင်းမှ ဗုံးကြဲပစ်ကူကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။