မြိတ်တွင် ဗုံးပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံး။

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။

မြိတ်မြို့တွင် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနီးတွင်ရှိနေသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရသွားသည်ဟု မြို့ခံများက ပြောသည်။

ကမ်းနားလမ်း Seaview ကွန်ဒိုအနောက်လမ်းရှိ အမှိုက်ကန်နေရာတွင် ဖေဖေါ်ဝါရီလ ၂၁ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲမှုကြောင့် အနီးနားတွင် ရှိနေသည့် အမျိုးသားတစ်ဦး ခေါင်းနောက်ပိုင်း မိုင်းစထိမှန်ကာ သေဆုံးသွားခဲ့ သည်ဟု အနီးဝန်းကျင်တွင် ရှိနေသူ တစ်ဦးက ဆိုသည်။

မိုင်းစထိမှန်၍ သေဆုံးသွားသူမှာ အောက်ရေပုန်းလမ်းမကြီးပေါ်တွင် အလှပြုပြင်ဆိုင် ဖွင့်လှစ်ထားသူ မိတ်ကပ် အသက် ၃၈ နှစ်အရွယ် ကိုသားကြီး ဆိုသူဖြစ်သည်။

ထို့နောက် အမျိုးသမီးတစ်ဦးမှာလည်း ပခုံးနှင့် နောက်ကျောဘက်များတွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ရာ အသက် အန္တရာယ် မစိုးရိမ်ရကြောင်း ရေပုန်းရပ်ကွက်နေထိုင်သူ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြော သည်။

အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “ဂျိမ်းဆိုတဲ့အသံက အတော်လေးကြမ်းတာ။ အိမ်ပါတုန်ထွက် သွားတာ။ Seaview မှာ ဗုံးကွဲတာလို့ ပြောသံကြား လို့ ခဏပြေးကြည့်လိုက်တာ” ဟု ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် အနီးနားဝန်းကျင်တွင် ရှိနေသူများ ရုန်းရင်းဆန်ခတ် ထွက်ပြေးကြသည့်အပြင် ဆိုင်များ လည်း ပိတ်ကုန်သည်ဟု ဒေသခံများက ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးသည့်နောက် ည ၉ နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီတပ်မှ ပျူစောထီးအချို့နှင့်အတူ အဓိက လမ်းဆုံ နေရာများဖြစ်တွင် ကင်းလှည့်စစ်ဆေးခြင်းများ လုပ်နေသည်ဟု ဆိုကြသည်။

အထူးသဖြင့် မြို့သစ်၊ တိုးချဲ့၊ ရွှေပြည်တန်၊ အင်းလေးမြိုင်၊ အဝေးပြေးကားဝင်းအသစ်၊ လေယာဥ်ကွင်း လမ်း၊ စပါးရွှေဝါလမ်း၊ မြိတ်တက္ကသိုလ် အရှေ့လမ်း၊ကလွင်အောက်ရေပုန်းလမ်း၊ ကမ်းနားလမ်းနေရာတို့တွင် ကားဖြင့် ကင်းလှည့်ခြင်းများအပြင် သေနတ်ပစ်ဖောက်ခြင်းများကိုပါ ညလုံးပေါက် လုပ်ခဲ့ကြသည်ဟု မြို့ခံများက ပြော သည်။