ဖားဆောင်းစစ်ရှောင်များအတွက် အကူအညီများလိုအပ်နေ

သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်။

တိုက်ပွဲကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသော ဖားဆောင်းမြို့ဒေသခံများ အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်များနှင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC တာဝန်ရှိသူများက ပြောသည်။

ကရင်နီပြည်၊ ဖားဆောင်းမြို့တွင် ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မှ ယနေ့အချိန်ထိ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဖားဆောင်မြို့ခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ် က “ဖားဆောင်းမြို့ ပေါ် ဒေသခံ ၅၀၀ နီးပါးကို ဘေးလွှတ်ရာနေရာတွေ ပို့ဆောင်ပေးခဲ့တယ်။ နယ်ခံ နယ်စပ်အခြေစိုက် အရပ်ဖက် အဖွဲ့အစည်းတွေ၊ ERO တွေနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ အခြေခံ စားနပ်ရိက္ခာ ဆန်နဲ့အခြား၊ အမိုးအကာတွေကို ထောက်ပံ့ပေးနေပါတယ်” ဟု ပြောသည်။

ဖားဆောင်းစစ်ရှောင်ပြည်သူများအတွက် အခြေခံစားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးများ လိုအပ်နေသည်ဟု စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူများက ပြောသည်။

ယခု ကယ်ထုတ်လာသည့် အထဲတွင် ဒေသခံများအပြင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများလည်း ပါဝင် သည်ဟု ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်နေတုန်း တန်းလန်းကြီးနဲ့ စခန်းကုန်းတွေ ချေမှုန်းနိုင်ခဲ့ပြီးတဲ့နောက် လမ်းကြောင်း ပွင့်တဲ့အချိန်မှာ ပဲ သူတို့ကို ပြန်ခေါ်ထုတ်တယ်ပေါ့နော်။ ပထမတော့ ကျန်းမာရေးဝန်ထမ်းတွေ အရင်ထုတ်တယ်။ ပြီးတော့ ကျန်တဲ့ ပြည်သူလူထုတွေကလည်း လိုက်သွားကြတယ်။ အဲ့ဒီဖြစ်ဖြစ်ချင်းနေ့မှာပဲ ကျနော်တို့ ထုတ်လာတာက မြို့အတွင်း မှာ ကျန်တဲ့ စစ်ရှောင်ကတော့ ၅၀၀ နီးပါးလောက်ကတော့ ပထမတိုက်ပွဲဖြစ်တဲ့ရက်မှာပဲ ကျနော်တို့ ဝင်ရောက် စီးနင်းနိုင်တဲ့ လမ်းကြောင်းကနေပြီးတော့ ပြန်ပြီးတော့ ခေါ်ထုတ်ပေးတယ်။ ပြီးရင် လုံခြုံတဲ့နေရာ မှာ ပို့ပေးတယ်။”

ဖားဆောင်းမြို့အတွင်းရှိ ပြည်သူ အယောက် ၁၀၀၀ နီးပါးကို ကယ်ထုတ်ပေးနိုင်ခဲ့ပြီး ကျန်ရှိနေသေးသော ဒေသ ခံများကိုလည်း ဘေးလွတ်ရာကို ဆက်လက်ကယ်ထုတ်ပေးခဲ့သည်ဟု KNDF တာဝန်ရှိသူက ဆက် ပြောသည်။

“ကျနော်တို့ ဘေးလွတ်ရာကို ကြိုပေးတယ်၊ ကားတွေနဲ့ပို့ပေးတယ်၊ ပြီးတော့ကျန်ရှိနေသေးတဲ့ မပြေးနိုင်တဲ့ သူတွေကိုလည်း ကျနော်တို့သွားရောက်ပြီးမှ ခေါ်ဆောင်ပေးတယ် တော်လှန်ရေးအင်အားစုကနေပြီးတော့ တော်တော်လေး ကယ်ထုတ်ပေးနိုင်ခဲ့တယ်ပေါ့နော်။”

ဖေဖေါ်ဝါရီလ (၂၉) ရက်နေ့တွင် ဖားဆောင်းမြို့အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ခဲ့သည်။

အဆိုပါ လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဖာဆောင်းဒေသခံ ၁၀ ဦးကိုလည်း လုံခြုံသည့် နေရာတွင် ဆေးကုသပေးနိုင်ရေး ပို့ဆောင်ထားပေးသည်ဟု တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် ဖားဆောင်းမြို့ အနီးတစ်ဝိုက်ရှိ ကျေးရွားများက ပြည်သူများမှာ တိုက်ပွဲများ စတင်ဖြစ်ပွားလာစဉ် ကတည်းက ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နေကြသည်ဟု KNDF တာဝန်ရှိသူက ပြောသည်။

ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျှက်ရှိပြီး ဖာဆောင်းမြို့အတွင်းရှိ ပြည်သူများ၏နေအိမ် အလုံး ရေ ၄၀ ကျော် အပါအဝင် ကားနှင့်ဆိုင်ကယ်များလည်း မီးလောင်ပျက်စီးသွားသည်ဟု ရှေ့တန်း သတင်းအရင်း အမြစ်က ပြောသည်။