PDF ဝင်ရောက်ဖူးသော လမ်းကြောင်းရှိ နေအိမ်များ ဖြိုဖျက်ရန် အမိန့်ပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်။
ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက် စောမိညိုလမ်းထဲတွင် နေထိုင်သူများကို ၅ ရက် အတွင်း ပြောင်းရွှေ့ကြရန် စစ်ကောင်စီက သတိပေးပြောဆိုလာသည်ဟု မြို့ခံများက ပြောသည်။
အဆိုပါ ရပ်ကွက်အတွင်းက အိမ်များကို ဖြိုဖျက်ပေးရန် စစ်ကောင်စီမှ အဓမ္မသတိပေးလာခြင်းကြောင့် အိမ်များ ဖျက်ပြီး ပြောင်းရွှေ့နေကြသည်ဟု မြို့ခံများကပြောသည်။
ကျောက်မော်ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “နေအိမ် ဆယ်လုံးလောက်တော့ ဖျက် ပြီးနေပြီ။ အိမ်ဖြိုခံရတဲ့ အိမ်ရှင်တွေကတော့ သနားပါတယ်၊ စိတ်ဓါတ်ကျနေကြတယ်။ ဘာစကားမှ မပြော ကြတော့ဘူး။ ကိုယ့်အိမ် ကိုယ်ဖျက်ပြီး ထော်လာဂျီတွေနဲ့ တင်ပြီးသွားနေကြ တယ်” ဟု ပြောသည်။
အဓမ္မဖျက်သိမ်းဖို့ ဖိအားပေးခံရသည့် အိမ်များမှာ လယ်ယာမြေပေါ်တွင် ဆောက်လုပ်ထားသော နေအိမ်များဖြစ် ကြောင်း အိမ်ခြေ ၇၀ ကျော်ပြောင်းရွှေ့ရမှာဖြစ်ကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
နေအိမ်များဖြိုဖျက်ရန် ဖိအားပေးခြင်း မရှိမီ ယခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ထားဝယ်မြို့ပေါ် စောမိညိုလမ်း အနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီမှ ယခုကဲ့သို့ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေခြင်းမှာ လယ်ယာမြေပေါ် ဆောက်လုပ်ထားခြင်းကြောင့် မဟုတ်ဘဲ PDF တပ်များ လာနိုင်သည့် လမ်းဟု ယူဆပြီး ဖြိုဖျက်ခိုင်းခြင်းသာ ဖြစ်နိုင်သည်ဟု မြို့ခံအချို့က ပြောသည်။
စစ်ကောင်စီမှ စောမိညိုလမ်းအတွင်းမှ အိမ်ရှင်များကို ဖေဖေါ်ဝါရီလ တတိယပတ်က ခေါ်တွေ့ပြီး ၅ ရက် အတွင်း ဖျက်ပေးဖို့ ပြောဆိုခဲ့ပြီးနောက် စောမိညိုဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်၏ ညှိနှိုင်းပေးမှု ဖြင့် ဆိုင်းငံ့ကာ ဆက်လက် နေထိုင်ခွင့်ပြုထားခဲ့ကြောင်း မြို့ခံများက ပြောသည်။
ထို့နောက် စစ်ကောင်စီက မတ်လ ၈ ရက်နေ့တွင် စောမိညိုလမ်းအတွင်းနေထိုင်သူများအား ထားဝယ်မြို့ စုပေါင်း ရုံး၌ ဒုတိယအကြိမ် ထပ်မံခေါ်ယူ တွေ့ဆုံပြီး အိမ်များကို ၅ရက်အတွင်း အပြီးဖြိုကာ ရွှေ့ပြောင်းပေးရန် ပြောဆိုခဲ့ ကြောင်း အိမ်ဖြိုဖျက်ခံရသူတစ်ဦးက ပြောသည်။
ဒုတိယအကြိမ် ခေါ်ယူတွေ့ဆုံပြီးနောက် စစ်ကောင်စီတပ်မှ မကြာခဏ လာရောက် စစ်ဆေးနေခြင်းများကြောင့် ကြောက်လန့်၍ အိမ်များတွင် လူအနည်းငယ်သာ ကျန်ရှိနေခဲ့သည်ဟုလည်း ဆိုကြသည်။
လက်ရှိတွင် အဆိုပါ အိမ်များကို အမြန်ဆုံး ဖြိုဖျက်ခိုင်းနေသည့်အပြင် ပစ်ခတ်မည်ဟု ခြိမ်းခြောက်နေခြင်းများလည်း ရှိနေဟု ဆိုသည်။
လက်တလော ပြောင်းရွှေ့သွားသူများမှာ ဘုမ္မော်ရပ်ကွက်ရှိ ဓမ္မစင်္ကြာဘုန်းကြီးကျောင်း အပါအဝင် မြို့ပေါ်မှ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးတော်စပ်သူများ၏ နေအိမ်များတွင် ယာယီ ပြောင်းရွှေ့နေထိုင်နေကြရသည်ဟု မြို့ခံများက ဆိုသည်။
အလားတူ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက် အစွန် ငါးလေလံစျေးအနီးရှိ နေအိမ်အချို့ကိုလည်း စစ်ကောင်စီ တပ်မှ ပြောင်းရွှေ့ခိုင်းထားသေးသည်ဟု အဆိုပါ ရပ်ကွက်နေ ပြည်သူများက ပြောသည်။