စမတ်ကတ်ဖြင့်သာ နိုင်ငံကူးလက်မှတ် ထုတ်ယူနိုင်တော့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်။

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (passport ရုံး)တွင် နိုင်ငံသား စိစစ် ရေးကတ်ပြား (မှတ်ပုံတင်)အား စမတ်ကတ်ပြောင်းလဲထားမှသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးတော့မည်ဟု ရုံး နှင့် နီးစပ်သူများက ပြောသည်။

ထိုသတ်မှတ်ချက်အား ဧပြီလ ၂၂ ရက်နေ့ နောက်ပိုင်းမှစတင်၍ အကောင်အထည် ဖော်သွားမည် ဖြစ်ပြီး စစ်မှု ထမ်း ဥပဒေအတွက် တစ်ဖက်တစ်လမ်းမှ အချက်အလက် စုဆောင်းခြင်း ဖြစ်သည်ဟု နိုင်ငံကူးလက်မှတ် လုပ်နေ သူများက ပြောသည်။

နိုင်ငံကူးလက်မှတ် လုပ်နေသူတစ်ဦးက “စမတ်ကဒ်လုပ်ရင် လူတစ်ယောက်ရဲ့ အချက်အလက် အကုန်ပေးရ တယ်။ မျက်စိ၊ မျက်နှာ၊ လက်ဗွေ၊ အရပ်၊ သွေးအုပ်စု အကုန် Scan ဖတ်ရတယ်။ အဘိုး၊ အဖွား၊ ဖုန်းနံပါတ်၊ ဘဏ်အကောင့်တွေပါ ပါတယ်။ ဆိုတော့က ဒါတွေကို သိတဲ့အတွက် လူငယ်တွေက မလုပ်ချင်ကြဘူး။ ဒီတော့ စစ်ကောင်စီက မင်းတို့ စစ်မှုမထမ်းရင် ပြည်ပလည်း ထွက်ခွင့်မပေးဘူးကွာ ဆိုပြီး ချောင်ပိတ်ရိုက်တာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ အစပိုင်းကလည်း ရှမ်းပြည် တစ်ခွင်လုံးတွင် စစ်ကောင်စီက စမတ်ကဒ်များ ပြုလုပ်ပေးခဲ့ သော်လည်း လာရောက်လုပ်သူ မရှိသည့်အတွက် တာချီလိတ်နှင့် တောင်ကြီးမြို့ရှိ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ရုံးများတွင် ယခုကဲသို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ထို့သို့ မဖြစ်မနေ စမတ်ကဒ် ပြုလုပ်ရမည်ဆိုသည့် သတ်မှတ်ချက်ကြောင့် လူငယ်များအနေဖြင့် တရားမဝင် လမ်းကြောင်းမှ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်သူ ပိုများလာနိုင်သည်ဟု ပြည်ပထွက်ခွါရန် စောင့်ဆိုင်းနေသူ တစ်ဦးက ပြောသည်။

“လမ်းကြောင်းက များတယ်။ နှစ်ပေါင်းများစွာကတည်းကပဲ အောက်လမ်းကနေ သွားလာနေကြတာ။ အခုက ကျောင်းပြန်တက်မယ့် သူတွေ ရှိတယ်။ ဒါက လူနည်းစု။ အများစုက စစ်မှုထမ်း ရှောင်တာနဲ့ အလုပ်လုပ်ဖို့ သွား ကြတာ။ ပတ်စ်ပိုစ့် ဘာညာ မရှိလည်း ထိုင်းဘက်က ဘတ်ရိုက်ပေးတာကို စောင့်မှာပဲ။ စမတ်ကဒ် လုပ်လိုက်ရင် ကိုယ်ပြေးနိုင်ရင်တောင်မှ မိသားစုက အန္တရာယ် ရှိတယ်။”

တောင်ကြီးမြို့ပေါ်နှင့် ကျေးရွာများတွင် ဖေဖော်ဝါရီနှင့် မတ်လ ၂ လတာ ကာလအတွင်း စမတ်ကတ် အခမဲ့ ပြုလုပ်ပေးခဲ့သော်လည်း ယခု နိုင်ငံကူးလက်မှတ် လုပ်မည့်သူများအား ဆောင်ရွက်ပေးရာတွင် လူအနေအထား ပေါ်မူတည်၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ဝန်ထမ်းများမှ ကျပ် ၂၀,၀၀၀ မှ ကျပ် ၃၀,၀၀၀ အထိ တောင်းခံနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောသည်။

စစ်ကောင်စီသည် စစ်မှုထမ်း သတ်မှတ်ချက်ထဲ အကျုံးဝင်သည့်သူများ၏ အချက်အလက်များ ရရှိရန်အတွက် အလောတကြီး လုပ်ဆောင်နေလျက်ရှိသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ရှမ်းပြည် တောင်ပိုင်း၊ ဟဲဟိုးလေဆိပ်နှင့် ရှမ်းပြည် အရှေ့ပိုင်း၊ တာချီ လိတ်မြို့တို့တွင် လေယာဉ်ပေါ် လိုက်ပါမည့် ခရီးသည် တစ်ဦးချင်းအား ဧပြီလအတွင်း ဇီဝအချက်အလက် (Biometric Data) ကောက်ယူသွားရန်ရှိသည်ဟု လေဆိပ်ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။