စစ်မှုထမ်းအသုံးစားရိတ်ကို လိုက်လံမကောက်ခံရဲသဖြင့် အုပ်ချုပ်ရေးမှူးများ အိမ်သို့ သွားပေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်။
ရှမ်းပြည်တောင်ပိုင်း အင်းလေးတွင် အုပ်ချုပ်ရေးမှူးများ စစ်အသုံးစရိတ် မကောက်ခံရဲသောကြောင့် အိမ်တိုင်ရာအရောက် လာထည့် ခိုင်းနေကြသည်။
ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ခေါင်တိုင်ကျေးရွာအုပ်စုတွင် စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူးနှင့် ရွာသူကြီးများမှာ မတ်လ နောက်ဆုံးအပတ်က စတင်ပြီး စစ်မှုထမ်း အသုံးစရိတ် ကောက်ခံ နေကြသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
သို့သော် ၎င်းတို့အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ တစ်အိမ်တက်ဆင်း မကောက်ခံရဲသည့်အတွက် အုပ်ချုပ်ရေးမှူး ဦးကျော်သူရ၏ နေအိမ်သို့ အိမ်တိုင်ရာရောက် လာထည့်ခိုင်းနေသည်ဟု ဆိုသည်။
ခေါင်တိုင်ကျေးရွာနေ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက “သူကိုယ်တိုင်လည်း မကောက်ရဲဘူး။ လာ မထည့်ရင် ရွာသားစာရင်း ပယ်ဖျက်ပြီး သာရေး၊ နာရေးတွေ မပါဝင်ရတော့ဘူး ပြောတယ်။ မြို့မှာ ဆိုရင် တော့ အကြောင်း မဟုတ်ဘူးလေ။ ရွာမှာဆိုရင်တော့ သာရေး၊ နာရေးက လွတ်ကင်းလို့ မရတော့ တော်တော် များများ ထည့်ကြပါတယ်” ဟု ပြောသည်။
အိမ်ထောင်စု တစ်စုလျှင် လူတန်းစားအပေါ် မူတည်၍ လုပ်ငန်းရှင်အတွက် ကျပ် ၁၅,၀၀၀၊ လူလတ်တန်းစား အတွက် ကျပ် ၁၀,၀၀၀၊ အောက်ခြေလူတန်းစားအတွက် ကျပ် ၅,၀၀၀ စီ အသီးသီး ကောက်ခံသွားမည်ဖြစ်ပြီး ဧပြီလဝက်ကျော်သည်အထိ မထည့်ဝင်သူများအား ဒဏ်ကြေး ၃ ဆ သတ်မှတ်မည်ဟု ကျေးရွာနေ ပြည်သူများ ၏ ပြောပြချက်အရ သိရသည်။
ခေါင်တိုင်ကျေးရွာ အုပ်စုတွင် ကျေးရွာပေါင်း ၃၅ ရွာ၊ အိမ်ခြေပေါင်း ၂,၀၀၀ နီးပါးရှိရာ သိန်း ၂၀၀ ကျော် ရရှိ သည်အထိ အုပ်ချုပ်ရေးက ရည်မှန်းထားသည်ဟု ဆိုသည်။
အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူ တစ်ဦးက “အင်းလေး PDF ကလည်း စာထုတ်ထားတယ်။ အုပ်ကြီးတွေလည်း အသတ်ခံနေရတော့ လန့်တာပေါ့။ စစ်မှုထမ်း စာရင်းတောင် မကောက်ရဲဘူး။ ရွာထဲတောင် မထွက်တော့ဘူး။ စစ်တပ်က နုတ်ထွက်ခွင့်လည်း မပေးဘူး” ဟု ပြောသည်။
မတ်လအစကတည်းက အင်းလေးဒေသရှိ ကျေးရွာအများစုတွင် အုပ်ချုပ်ရေးမှုးများက စစ်မှုထမ်း လူစာရင်း ကောက်ယူနေပြီး သင်္ကြန်ကာလအပြီး မဲနှိုက်၍ ကျေးရွာအုပ်စု တစ်ခုကို ၃ ဦးနှုန်းဖြင့် စစ်မှုထမ်း ခေါ်ယူသွား မည်ဟု ဆိုသည်။
ထို့ကြောင့် အင်းလေးဒေသရှိ လူငယ်အများစုမှာ လက်နက်ကိုင် တိုက်ပွဲဝင်ရန်အတွက် တော်လှန်ရေး တပ်ဖွဲ့များ ထံ သွားရောက်ခိုလှုံကြပြီး အချို့ ငွေကြေးပြေလည်သူများမှာလည်း ပြည်ပသို့ သွားရောက်ခိုလှုံကြသည်ဟု စစ်မှုထမ်း ဥပဒေအရ အကျုံးဝင်သူများက ပြောသည်။