လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီတွင် ၉ ရက်အတွင်းအရပ်သား ၉ ယောက် သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်။ 

စစ်ကောင်၏‌ လေကြောင်းတိုက်ခိုက်မှုကြောင့် ၉ ရက်အတွင်း ပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်နီ လူ့အခွင့်အရးအဖွဲ့ (Karenni Human Rights Group) က ပြောသည်။

ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းရှိ ကုန်းသာကျေးရွာအား ၂၀၂၄ ခုနှစ် ဧပြီလ ၂၀ ရက်နေ့၊ နံနက် ၁၁ နာရီ ဝန်းကျင် အချိန်တွင် စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကြဲသဖြင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး သေ ဆုံးခဲ့ပြီး အယောက် ၂၀ ထက်မနည်း ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်ဟု ကရင်နီ လူ့အခွင့်အရးအဖွဲ့က ဧပြီလ ၂၁ ရက် နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ဧပြီလ ၁၁ ရက်နေ့၊ ညကလည်း ရှမ်း-ကရင်နီ နယ်စပ်၊ ဖယ်ခုံမြို့နယ် အတွင်းရှိ ကရင်နီလူမျိုးများ နေ ထိုင်သော လွယ်ယင်းပီကင်းကျေးရွာအား စစ်တပ်က လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးသုံးတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု နှစ်ခုအတွင်း ကလေးငယ် ၄ ဦး အပါအဝင် အရပ်သားပြည်သူ ၉ ဦး သေဆုံး ခဲ့ပြီး အယောက် ၃၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ နေအိမ်အလုံးရေ ၃၀ ထက်မနည်းလည်း ပျက်စီး သွားသည်ဟု KnHRG က ပြောသည်။

ကရင်နီလူ့အခွင့်အရးအဖွဲ့ (KnHRG) ပူးတွဲတည်ထောင်သူ ဦးဗညား က “သေချာတာတစ်ခုကတော့ စစ်ကောင်စီ ကတော့ စစ်ရာဇဝတ်မှုတွေကိုအရင်ကကျူးလွန်သလို အခုလည်း ဆက်တိုက် ကျူးလွန်နေတယ် ဆိုတာ ရှင်း လင်းသိသာတယ်ပေါ့။ နောက်တစ်ခုက လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတစ်ခုလည်း ဖြစ် တယ်ဗျဟု ပြောသည်။

ထိုကဲ့သို့စစ်ကောင်စီသည် ယခင်ကတည်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်း အသုံးပြု တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုအပြင် လူမျိုးတုန်း သတ်ဖြတ်မှုကို ကျူးလွန်နေခြင်းဖြစ်သည်ဟု ဦးဗညားက ပြောသည်။

ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက စစ်ရာဇဝတ်မှုနဲ့ ကြည့်မယ်ဆိုရင် တိုက်ပွဲဖြစ်ခြင်း မရှိတဲ့နေရာ တိုက်ပွဲ ဖြစ် တာတောင်မှ လူထုပစ်မှတ်တွေကို ရှောင်ပြီးတော့မှ တိုက်ခိုက်ရမယ် ဆိုပြီးတော့မှ စစ်ဥပဒေမှာ ပြဌာန်းထားပြီး သား ဖြစ်တယ်ပေါ့နော်။ တပ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်တွေလည်း ရှိပြီးသားပဲ။” 

စစ်ကောင်စီသည် ပြည်သူများအား ထိခိုက်သေဆုံးစေလိုခြင်း၊ လူနေမှု ဘဝများပျက်စီးစေလိုခြင်း စသည့် ရည် ရွယ်ချက်များဖြင့် ထိုသို့လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဦးဗညားက ထောက်ပြသည်။ 

ထို့ကြောင့် ယခုလုပ်ရပ်မှာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုတစ်ခု ဖြစ်သည်ဟု ကရင်နီ လူ့အခွင့်အရးအဖွဲ့ (KnHRG) ပူးတွဲတည်ထောင်သူ က ဆက်ပြောသည်။

“ဗုံးကြဲတိုက်ခိုက်တဲ့ အချိန်ကလည်း လူထုတွေ အိုးအိမ်မှာ အေးအေးဆေးဆေး အိပ်နားနေတဲ့ အချိန်မှာပဲ ရွေးပြီးတော့ တိုက်ခိုက်တယ်ဆိုတော့ ဒါကသေစေလိုတယ်၊ ပျက်စီးစေလိုတယ်ဆိုတဲ့ စိတ်ဆန္ဒရှိတယ်။ အဲ့ဒီ အတွက်ကြောင့်မလို့ ဒီလုပ်ရပ်က လူသားမျိုးနွယ်စု အပေါ်မှာ ကျူးလွန်သော လုပ်ရပ်တစ်ခုလို့ ကျနော်တို့ ပြောလို့ရတယ်ပေါ့နော်။ လူတွေကို ကိုယ့်ရဲ့နေရာဒေသမှာ မနေရဲအောင် တခြားနေရာကို တွန်းပို့တယ်။ အဲ့ဒီ လိုမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူတွေရဲ့ စားဝတ်နေရေးတွေ ပျက်စီးတယ်။ လူမှုစီးပွားတွေ ပျက်စီးတယ်။ ရိုးရာဓလေ့တွေ ကျင့်သုံးလို့မရအောင် လုပ်သွားတယ်ပေါ့နော်။”

ကရင်နီပြည်နယ်ထဲတွင် သာမကဘဲ မြန်မာနိုင်ငံတဝှမ်း ကျူးလွန်နေသော စစ်ကောင်စီ၏ အကြမ်းဖက်မှုများ အား ချက်ချင်းရပ်တန့်ပေးနိုင်ရန် ကုလသမဂ္ဂနှင့် အာဆီယံအား တောင်းဆိုသည်ဟု ၁၂ရက်နေ့တွင် (KnHRG) ၏ ဧပြီလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် တောင်းဆိုထားသည်။

စစ်ကောင်စီသည် ကရင်နီပြည်အတွင်း၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အပြစ်မဲ့ အရပ်သားပြည်သူများကို မကြာ ခဏ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ပြည်နယ်တွင်းရှိ လူ့အခွင့်အရေး ဆောင်ရွက်နေသူများက ထောက်ပြ ပြောဆိုနေကြသည်။

ဓါတ်ပုံ – (Karenni Human Rights Group)