စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ၄ နှစ်အရွယ်ကလေး အပါအဝင် အရပ်သားများ သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၆ ရက်။
ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများထဲ စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဧပြီလအတွင်း အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် စစ်ဘေးရှောင် ၆ ဦး သေဆုံးခဲ့သည်။
ရှမ်းပြည် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှု ကြောင့် ဧပြီလအတွင်း စစ်ဘေးရှောင် ၆ ဦး သေဆုံးခဲ့ပြီး ၅ ဦး ပြင်းထန်ဒဏ်ရာများရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
သေဆုံးခဲ့သူများအနက် အသက် ၄ နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့် ဆယ်တန်းကျောင်းသူ ၂ ဦးလည်း ပါဝင်ပြီး ၎င်းတို့ အားလုံးမှာ စစ်ဘေးရှောင်ရာမှ နေရပ်သို့ သောက်သုံးရေနှင့် ရိက္ခာ ပြန်ယူစဉ် လက်နက်ကြီး လက်နက် ငယ်များ ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်သည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “သူတို့ ဒီလိုမျိုး လုပ်တာကတာ့ တော်လှန်ရေးနဲ့ ပြည်သူကို သွေးခွဲချင်တဲ့ဟာပဲ ဖြစ်ပါတယ်။ အဓိက မင်းတို့ ငါတို့ကို တော်လှန်ရေး ဒီလိုမျိုး ဖြစ်မယ်။ ဒီလိုမျိုး ပြန်လုပ်မယ်ဆိုတဲ့ လူထုကို ခြိမ်းခြောက်မှုပဲ ဖြစ်ပါတယ်။ ပြည်သူလူထုကို တော်လှန်ရေး အားမပေးရဲအောင် သူတို့က ဖျက်ဆီးပြတာ၊ လုပ်ပြတာပေါ့နော်” ဟု ပြော သည်။
ဆီဆိုင်မြို့နယ်ရှိ ဆိုက်ခေါင်မြို့နှင့် လွယ်ပွတ်ကျေးရွာများတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်၊ ပအိုဝ်း ပြည်သူ့စစ်အဖွဲ့ (PNA) ပူးပေါင်းတပ်များက ဧပြီလ ၈ ရက်၊ ၁၀ ရက်၊ ၁၈ ရက်၊ ၂၄ ရက်နေ့တို့တွင် စစ်ဘေးရှောင်များ ရှိရာသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
စစ်တပ်က ပစ်လိုက်သည့် လက်နက်ကြီး လက်နက်ငယ်များမှာ နောင်သိမ်၊ တွေးပူ၊ နောင်ကျော ကျေးရွာများ တွင် ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရခဲ့ခြင်းသည်။
ထို့အပြင် ဆီဆိုင်မြို့နယ်၊ ပုံလောင်းကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင်လည်း ခရီးသွားနေသည့် စစ်ဘေးရှောင် ၂ ဦး အား စစ်ကောင်စီတပ်က အမေးအမြန်းမရှိ ပစ်ခတ်ခဲ့ရာ တစ်ဦး ပွဲချင်းပြီး သေဆုံး၍ နောက်တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့သည်ဟု ဆိုသည်။
ယခုကဲ့သို့သော ဖြစ်ရပ်များမှာ စစ်အာဏာရှင် ရှိနေသ၍ နောက်ထပ် ကြုံလာရနိုင်သေးသည်ဟု ခွန်ရိန်းယံက သုံးသပ်သည်။
“အဓိက ဒါက တော်လှန်ရေးနဲ့ လူထုကို သွေးခွဲတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး နှိပ်စက်ခံရတာ ဆင်းရဲ ဒုက္ခကြုံရတာတွေက အာဏာရှင်စနစ် မပျက်မချင်းတော့ ကြုံရနိုင်သေးတယ်။ ဒီဆင်းရဲဒုက္ခကနေ ထာဝရ ကင်းလွတ်ခွင့် ရဖို့ဆိုရင် ဒီစစ်အာဏာရှင် ပြုတ်ကျမှာပဲ ကင်းလွတ်နိုင်မှာ ဖြစ်ပါတယ်။”
အလားတူ ဧပြီလ ၁၀ ရက်နေ့ကလည်း ပင်လောင်းမြို့နယ်၊ ပင်စုံကျေးရွာတွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည့်အပြင် အရပ်သား ၄ ဦးမှာ လည်း ပြင်းထန်ဒဏ်ရာများ ရခဲ့သေးသည်။
ဆီဆိုင်တိုက်ပွဲ စတင်သည့် ဇန္နဝါရီလ ၂၁ ရက်မှစ၍ ဧပြီလ ၂၀ ရက်နေ့အထိ ၉၁ ရက်တာအတွင်း စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်များ၏ ပစ်ခတ်မှုများကြောင့် အရပ်သား ၆၆ ဦး သေဆုံးခဲ့ပြီး ၇၉ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ထုတ်ပြန်ထားသည်။