ရေဖြူတွင် ဒုရဲအုပ်တစ်ဦး အသတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၄ ခုနှစ်၊ ဧ ပြီလ ၂၉ ရက်။ 

ရေဖြူမြို့ အရှေ့ဘက်ကမ်း (ဂ) ရပ်ကွက်ရှိ နေရာသစ် ထမင်းဆိုင်အနီး ကုန်တင်ကားများနှင့် ထိုင်းနိုင်ငံဘက်သို့ သွားမည့် သူများထံမှ ငွေကြေးတောင်းယူနေသူ ဒုရဲအုပ်တစ်ဦး ဖြစ်သတ်ခံလိုက်ရသည်။

ပစ်ခတ်ခံရသဖြင့် သေဆုံးသူမှာ မူးယစ်ဆေးများ ဖမ်းဆီးရာတွင် ပါဝင်လေ့ရှိသည့် ရေဖြူရဲစခန်းမှ အသက် ၃၅ နှစ်အရွယ် ဒုရဲအုပ် ချမ်းငြိမ်းဦးဆိုသူ ဖြစ်သည်။

“အဲဒီ ဒုရဲအုပ်က နေပြည်တော်ကနေ ရေဖြူ ရဲစခန်းကိုပြောင်းလာတာ သုံးလေးလလောက်ပဲ ရှိသေးတာ။ ပြည်ပကို တရားမဝင် သွားရောက်လုပ်ကိုင်မဲ့ သူတွေဆီက ငွေကြေး တောင်းယူတာတွေ လုပ်တယ်။ ကုန်တင် ကားတွေ ဆီမှာလည်း ပိုက်ဆံကောက်တယ်” ဟု DGRF တာဝန်ရှိသူက ပြောသည်။ 

ထားဝယ်ခရိုင် ရေဖြူမြို့မရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကို ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Dawei Guerrilla Revolutionary Force- DGRF ထားဝယ် ပကဖအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ဒုရဲအုပ် ချမ်းငြိမ်းဦး ပစ်သတ်ခံရသည့်နေရာသည် KTV လည်းရှိပြီး အဆိုပါ နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားလာနေသည့် နေရာတစ်ခုဖြစ်သည်။

အလားတူ ထိုနေရာ၌ပင် ပြည်ပသို့ တရားမဝင် သွားရောက် အလုပ် လုပ်ကိုင်ကြမည့် သူများထံမှ စစ်ကောင်စီ တပ်သားများက ငွေကြေး တောင်းယူနေသည့် နေရာလည်းဖြစ်ကြောင်း အရှေ့ဘက်ကမ်း (ဂ) ရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။ 

ပစ်ခတ်မှုကို Dawei Guerrilla Revolutionary Force- DGRF ထားဝယ်ပကဖ ၊ ဥသြစစ်ကြောင်း နှင့် DDPDF ပူးပေါင်း တပ်ဖွဲ့တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။