ကရင်နီတွင် စစ်တပ်က ထိုးစစ်အသစ်များ ထပ်မထိုးနိုင်တော့ပေ၊ မိုင်းရှင်းလင်းရေး ကိစ္စများစတင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်။

တစ်လေးလုံးစစ်ဆင်ရေးပြီးနောက် ထိုးစစ်အသစ် မတိုးနိုင်တော့သည့် စစ်ကောင်စီတပ်

တစ်နိုင်ငံလုံး၏ စစ်ရေးလှုပ်ရှားမှု အခြေအနေများအပြင် ပြည်နယ်ထဲက လက်ရှိစစ်ရေးအခြေအနေများ ကြောင့် စစ်ကောင်စီတပ်က ကရင်နီပြည်ထဲကို စစ်ကြောင်းအသစ်များ ထိုးနိုင်ခြင်းမျိုး မရှိတော့ဘူးဟု ကရင်နီတပ်မ တော် (KA) ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင် က ပြောသည်။

ကရင်နီပြည်ထဲက တစ်လေးလုံးစစ်ဆင်ရေး အပြင် နိုင်ငံတဝှမ်းတွင် ဖြစ်နေသည့် စစ်ရေးအခြေအနေများအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စခန်းများ အသီးသီးမှ ဆုတ်ခွာရခြင်းအပြင် တိုက်ပွဲထဲ အကျအဆုံးများခြင်း၊ စခန်းများမှာလည်း အလံဖြူထောင် လက်နက်ချခြင်း၊ လူအင်အား၊ လက်နက်အင်အား ပိုပိုချိနဲ့လာနေသည်ဟု ဆိုသည်။

ကရင်နီပြည်ထဲက တစ်လေးလုံးစစ်ဆင်ရေးထဲ၌လည်း အထိနာခဲ့သည့် စစ်တပ်မှာ လူအင်အား၊ လက် နက် အင်အားများ ပိုချိနဲ့လာသည့်အပြင် မြေပြင်ကနေလည်း ထိုးစစ်အသစ်များ ထပ်မထိုးနိုင်ဘဲ အခက်အခဲများ ဖြစ်နေကြသည်ဟု ကရင်နီတပ်မတော် (KA) ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

ကျနော်တို့ ကရင်နီပြည်ထဲမှာတော့ စစ်ကြောင်းထိုးတာ နောက်ပြီးတော့မှ ထပ်တိုးတာတော့ လောလောဆယ် တော့ မရှိသေးဘူးနော်။ အရင်အဟောင်းအတိုင်းပဲ ရှိပါသေးတယ်။ စစ်ကြောင်း မထိုးနိုင်တယ် ဆိုတာက ကျ နော်တို့ ကရင်နီပြည် အပါအဝင် တစ်နိုင်ငံလုံးမှာ စစ်ရေးတွေလုပ်တော့ သူတို့အခက်အခဲ ဖြစ်တယ်ပေါ့နော်။

နိုင်ငံအနှံ့တွင် တိုက်ပွဲများ ဖြစ်နေခြင်းကြောင့် ကရင်နီပြည်ထဲရှိ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက် နိုင်ဖို့ ရာခိုင်နှုန်းနည်းပါးနေပြီး စစ်ကြောင်းထိုးဝင်လာနိုင်သည့် လမ်းကြောင်းများကိုလည်း ဟန့်တားပိတ်ဆို့ ထားသည် ဟု ကရင်နီ အမျိုးသားများ ကွယ်ရေးတပ် KNDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကရင်နီတစ်ပြည်ထဲကြည့်မယ်ဆိုရင်တော့ သူတို့စစ်ကြောင်းထိုးဝင်ဖို့ကတော့ရာခိုင်နှုန်းနည်းတယ်ပေါ့ ဘာဖြစ် လဲ ဆိုတော့ ရှမ်းပြည်အထိ ကျနော်တို့က သွားပိတ်တာလေ။ အဲ့ကနေပဲ သူတို့ စီးဆင်းတာ အများဆုံးပေါ့။ အရင် ၂၀၂၂-၂၀၂၃ က ဆိုရင် တောင်ကြီးကနေပဲ စီးဆင်းတယ်။

စစ်ကောင်စီတပ်က ကရင်နီပြည်ကို စစ်ကူများ ပို့ပါက ရှမ်းပြည်နယ် တောင်ပိုင်းမှ အဓိက ပို့ဆောင်နေခြင်း ဖြစ်သည်။

အဆိုပါ လမ်းကြောင်းကို ကရင်နီပူးပေါင်းတပ်များက ကရင်နီနှင့် ရှမ်းပြည် နယ်စပ်ရှိ မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် အထိ ဝိုင်းပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်က ဝင်လာနိုင်သော လမ်းကြောင်းများ အားလုံးကို ဖြတ်တောက် ပိတ်ဆို့ထားသည်ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ထိုသို့ ဝိုင်းပြီး ပိတ်ဆို့ထားခြင်းကြောင့် မြေပြင်မှ စစ်ကူမပေးနိုင်တော့ဘဲ လေကြောင်းကိုသာ အဓိက ထား အသုံးပြုနေရသည်ဟု KNDF ပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။

အရင်လတောတွင်းမှာပဲ ဒရုန်းရော လေယာဉ်ရောပေါ့ ဒါပေမယ့် အဓိက ကတော့ သူတို့ကတော့ စိတ်ကူး ပေါက်ရင်တော့ ကြဲတယ်။ အဓိက ခွေးတွေဘက်က ကျနော်တို့ ဘယ်မှာရှိတယ် သတင်းအတိအကျ သိရင်တော့ ဒရုန်းနဲ့ လေယာဉ်နဲ့တော့ ကြဲတာပေါ့။

စစ်ကောင်စီက လေယာဉ်နှင့် ဒရုန်းကို ပိုအသုံးပြုပြီး တိုက်ခိုက်လာခြင်းကြောင့် ပြည်သူလူထု၏ နေအိမ်များ၊ ဘာသာရေး အဆောက်အအုံများနှင့် စျေးများပါ ထိခိုက်ပျက်စီးခဲ့ရသည်။

တစ်လေးလုံး စစ်ဆင်ရေး နောက်ပိုင်း ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တို့က မယ်စဲ့မြို့ ကို စတင်သိမ်းယူနိုင်ခဲ့ပြီးနောက် မော်ချီး၊ ရွာသစ်၊ ရှားတောမြို့တို့ကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။

ထို့အပြင် ဒီးမော့ဆိုမြို့၌လည်း စစ်ကောင်တပ်သားများက မြို့အတွင်းကနေ ဆုတ်ခွာသွားပြီး တပ်ရင်းထဲ၌သာ ပြန်ဆုတ်ကာ နေထားရသည်။ လက်ရှိတွင် ဒီးမော့ဆိုမြို့ကိုလည်း ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုတို့က ထိန်း ချုပ်ထားသည်။

အလားတူ ဖားဆောင်းမြို့နှင့် လွိုင်ကော်မြို့ကိုလည်း ဆက်လက် တိုက်ခိုက်သိမ်းပိုက်နိုင်ရေး ကြိုးစားနေကြပြီး တိုက်ပွဲများက လည်း ဆက်လက်ပြင်းထန်နေသည်ဟု ကရင်နီစစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

ကရင်နီပြည်တွင်း စစ်ကူလာသည့် စစ်ကြောင်းကြားဖြတ်တိုက်ခံရ 

ကရင်နီပြည်၊ ဖားဆောင်းမြို့ကို စစ်ကူလာသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၆၀ နီးပါးကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

ဖားဆောင်းကို စစ်ကူပေးရန် လာသော စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခဲ့ပြီးနောက် အဆိုပါ မြို့က လက်ကျန် စစ်ကော်စီတပ်ကိုလည်း လက်နက်ချဖို့ သတိပေးထားပြီဟု ကရင်နီ စစ်ရေး သတင်းအရင်းအမြစ် များက ပြောသည်။

ထူးချောင်းတပ်စခန်းမှ ဖားဆောင်းမြို့ကို စစ်ကူရန်လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို မြို့အနီးရှိ ပါပုကျေးရွာ အရောက်တွင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များက ဧ ပြီလ ၁၁ ရက်နေ့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကရင်နီတပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က တိုက်ပွဲဖြစ်တာတော့ ဟုတ်တယ် မှန်တယ်။ မနက် ၇ နာရီ ကနေ စဖြစ်တယ်။ ညနေ ၅ နာရီ အထိပေါ့နော်။ သူတို့က စစ်ကူလာတယ်လေ။ သူတို့ ထူး ချောင်းကနေပြီးတော့ စစ်ကူလိုက်လာတော့ ကျနော်တို့ လူနဲ့တိုးတော့ တိုက်ပွဲ ဖြစ်တယ်ပေါ့နော်။ အရှင်ဖမ်းမိ တာ ရှိတယ်လို့ပြောတယ်။ ဟုတ်ကဲ့ အဲ့ဒါတော့ မှန်ပါတယ် ဟု NMG ကို အတည်ပြု ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းထဲက ဗျူဟာမှူး၊ စစ်ကြောင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၅၆ ဦးကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုများက အရှင် ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီ တပ်သား အယောက် ၄၀ ကျော်က သေဆုံး သွားခဲ့ သည်။

အဆိုပါ ကြားဖြတ် တိုက်ခိုက်မှုထဲ လက်နက်စုံ အလက် ၇၀ ကျော်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

စစ်ကူလာသော စစ်ကြောင်းကို ဖြတ်တောက်ထားပြီးနောက် ဖားဆောင်းမြို့ထဲတွင် ကျန်နေသည့် စစ်ကောင်စီ တပ်သားများကိုလည်း လက်နက်ချဖို့ရန် သတိပေး ပြောဆိုထားသည်။

နှစ်လနီးပါးကြာ တိုက်ပွဲထဲ စစ်တပ်ဘက်က ဒဏ်ရာရထားသောသူ များနေ၍ လက်ရှိတွင် ဖားဆောင်းမြို့ကို သိမ်းပိုက်ရရှိဖို့ နီးစပ်နေပြီဟုလည်း ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောသည်။

ကျနော်တို့ကတော့ လက်နက်ချဖို့တော့ ပြောတာပဲလေ။ ဒါပေမယ့် သူတို့ လက်နက်ချဖို့ အခက်အခဲ ရှိနိုင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကအမိန့်အရ လုပ်တယ်ဆိုတော့ အဲ့ဒီမှာ ဒဏ်ရာ တော်တော်များများ ရထား ပြီ။ ဖားဆောင်းမှာ ရှိတဲ့ တပ်တွေက အဲတော့ မကြာခင်မှာပဲ ပြီးမယ်လို့ အဲ့လိုပဲ တွက်ချက်ထားတယ်လေ။

စစ်ကောင်စီဘက်ကလည်း ဖားဆောင်းမြို့ မကျရေး လေကြောင်းပစ်ကူများပါ အသုံးပြုနေပြီး ဆက်လက်ခုခံ နေသည်။ 

မြို့ထဲတွင် ကျန်နေသည့် တပ်ဖွဲ့များကို လက်နက်ချဖို့ရန် ပြောဆိုသတိပေးထားသော်လည်း ယနေ့အချိန်ထိ ဆက် ပြီး ခုခံနေဆဲဖြစ်သည်ဟု ရှေ့တန်းရောက် ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

လက်နက်ချ အညံ့ခံဖို့ကတော့ အမြဲတမ်း နိုးဆော်နေတာပဲ။ ဒါပေမယ့် သူတို့က လုံးဝမချဘူး။ သူတို့က ၁၃၄၊ ၁၃၅ တောင်ကုန်းပေါ်က သူတို့ လုံးဝတပ်စွဲထားတယ်။ ပြီးတော့ ဒီကောင်တွေ မီးသတ်ထဲမှာလည်း ရှိသေး တယ်။ ဖြန့်ထားတယ်။

ဖားဆောင်းမြို့မှာ ထိုင်း – ကရင်နီ နယ်စပ်မြို့ဖြစ်သည့် မယ်စဲ၊ ရွာသစ်နှင့် ခဲသတ္တုထွက်သော မော်ချီးဘက်က ဆုတ်လာသည့် စစ်ကောင်စီ တပ်ရင်း ၅ ရင်း ပေါင်းထားပြီး လက်ကျန်အင်အား ၂၀၀ နီးပါးရှိနိုင်သည်ဟု ကရင်နီ တော်လှန်ရေး တပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ထိုလက်ကျန် အင်အား ၂၀၀ နီးပါးထဲက အယောက် ၁၀၀ နီးပါးခန့်မှာမူ ထိခိုက်ဒဏ်ရာရထားပြီး ကျန်အင်အား ဖြင့်သာ ဆက်လက်ခုခံနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ အစောပိုင်းတွင် ထိုင်း-ကရင်နီ နယ်စပ်က မြို့တစ်မြို့ ဖြစ်သည့် ရှားတောမြို့ရှိ စစ်ကောင်စီ တပ် သားများကို လက်နက်ချ အညံ့ခံရန် ကရင်နီတပ်ဖွဲ့များက အချိန်ပေးခဲ့သော်လည်း လက်နက်ချ အညံ့မခံခဲ့ သော ကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြို့ကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည်။

တစ်လေးလုံး စစ်ဆင်ရေး နောက်ပိုင်း ဖားဆောင်းမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်း ၉ ခု အပါအဝင် ကရင်နီ တစ်ပြည်လုံးရှိ တပ်စခန်းပေါင်း ၆၅ ခုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး မြို့ ၇ မြို့ကိုလည်း ထိန်းချုပ်ထား နိုင်ပြီဟု ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုများက မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကရင်နီတွင် စစ်တပ်က ထိုးစစ်အသစ်များ ထပ်မထိုးနိုင်တော့သည့်နောက် ပြည်နယ်အတွင်းရှိ အုပ်ချုပ်ရေး ယန္တရားအပြင် ဒေသတွင်း လုံခြုံရေး လုပ်ငန်းများနှင့် ပြည်သူများ နေရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ် အချို့ကို စတင် လုပ်နေပြီ ဖြစ်သည်။

ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း ရှင်းလင်းရေး များလုပ်ဆောင်နေပြီ ဖြစ်သော်လည်း အခြားသော နေရာအများစုတွင် လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးဟု မြေမြုပ်မိုင်း ရှင်းလင်းရေး လုပ်ဆောင်နေသူများက ပြောသည်။

ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုများမှ သိမ်းပိုက်ထားသောမြို့ ၇ မြို့ဖြစ်သည့် မယ်စဲ့၊ ရှားတော၊ မော်ချီး၊ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ ရွာသစ် နှင့် မိုးဗြဲတို့တွင် မြေမြုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး -၂  ဦးဗညားက ပြောသည်။

မြေမြုပ်မိုင်းကတော့ ပုံစံတစ်ခုနဲ့ တစ်ခုကတော့အတတ်နိုင်ဆုံး ရှင်းကြ တယ်ပေါ့နော်။ ဒါပေမယ့် ဒီဟာက တကယ့်ကို စနစ်တကျ နိုင်ငံတကာစံချိန်မှီ ရှင်းတဲ့ပုံစံ မဟုတ်ဘူးပေါ့နော်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ရှင်းတယ် ပေါ့နော်။ ပုံစံနှစ်ခုကတော့ ပထမတစ်ခုကတော့ သက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေ ကနေ သူ့ရဲ့နယ်မြေအလိုက် လူအားနဲ့ ရှင်းတယ်။ ဒုတိယတစ်ခုကတော့ စက်ကြီးတွေနဲ့ မြေကို လှန်ထိုးပြီးတော့ မှ ရှင်းတဲ့ စနစ်ပေါ့နော်။ အဲဒီနှစ်ခုက တော့ မဖြစ်မနေ နေရာပဲရှင်းပါတယ်။” 

သို့သော် ပြည်သူများ မဖြစ်မနေ သွားလာကြရမည့် နေရာများတွင်သာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်ဆောင်နေ ကြရပြီး နေရာအများစု၌ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးဟု (IEC) အတွင်းရေးမှူး -၂  ဦးဗညားက ဆက် ပြောသည်။

(IEC) အတွင်းရေးမှူး -၂  ဦးဗညားက နေရာ တော်တော်များများကိုတော့ မရှင်းနိုင်သေးတာတော့ ရှိပါသေး တယ်။ တကယ့်ကို မဖြစ်မနေ လူထုတွေ သွားလာလှုပ်ရှားတဲ့နေရာ လောက်ကိုပဲ ပြန်လာနေဖို့အတွက် စိတ်ချတဲ့နေရာလောက်ကိုပဲ ကျနော်တို့ ရှင်းပေးနေ ခြင်း ဖြစ်ပါတယ် ဟု ပြောသည်။

မြေမြုပ်မိုင်းရှင်းလင်းရာတွင် စစ်‌ကောင်စီတပ်များ အခြေချတပ်စွဲခဲ့သည့် အချိန်နှင့် အင်အား အခြေအနေများ အပေါ်မူတည်၍ မြေမြုပ်မိုင်း အရေအတွက်နှင့် ရှင်းလင်းရန် ကြာချိန်ကို ခန့်မှန်းရသည်ဟု ဦးဗညားက ဆက် ပြောသည်။

ဥပမာအားဖြင့် လွိုင်ကော်မြို့ပေါ်မှာ မြေမြုပ်မိုင်းကို အနည်းဆုံး ကုန်အောင်ဖြစ်စေ ဒါမှမဟုတ် တကယ်ကို အန္တရာယ် ကင်းကင်းရှင်းရှင်း ပြန်နေနိုင်အောင် ရှင်းဖို့အတွက်က အနည်းဆုံးတော့ သုံးလ အနည်းဆုံး အချိန်ယူ ရမှာပေါ့နော်၊ ဒီးမော့ဆိုမြို့ကလည်း ထိုနည်းလည်းကောင်းပဲပေါ့နော ၃ လကနေ ၆ လအကြား အဲဒီဝန်းကျင်က တော့ ကျနော်တို့ အချိန်ယူပြီးတော့မှ ရှင်းဖို့လိုအပ်ပါတယ်။

သို့သော် တချို့မြို့နယ် ဥပမာအားဖြင့် ရှားတောမြို့နယ်တို့ မယ်စဲ့မြို့နယ်တို့ ဖာဆောင်းမြို့နယ်တို့ကတော့ ကျနော်ထင်တာ အကယ်၍ နည်းပညာနဲ့ငွေကြေး လုံလုံလောက်လောက် ရှိမယ်ဆိုရင်တော့ ရက်ပိုင်းနဲ့ လပိုင်းနဲ့ ပဲ ရှင်းနိုင်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ် ဟု ဦးဗညားက ပြောသည်။

ဒီးမော့ဆိုမြို့အတွင်း တစ်လေးလုံး စစ်ဆင်ရေး စတင်လိုက်ပြီး ၂၀၂၃‌ နိုဝင်ဘာလ နှောင်းပိုင်း၌ စစ်ကောင်စီ တပ်များသည် တပ်စခန်းအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ၎င်းတို့တပ်စွဲခဲ့သော နေရာများ၌ မြေမြုပ် မိုင်း အများအပြား ထောင်ထားခဲ့သည်ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များမှ တာဝန်ရှိသူများက ပြောသည်။

ထိုနေရာများတွင် မြေမြုပ်မိုင်း ရာဂဏန်းတွေ့ရှိ ဖြုတ်သိမ်းခဲ့ပြီး ဖြစ်သော်လည်း နောက်ထပ် မည်မျှ ကျန်ရှိ နေနိုင်သေးသည်ကိုမူ ခန့်မှန်း၍ မရနိုင်သေးဘူးဟု မိုင်းရှင်းလင်းရာတွင် ပါဝင်နေသော ဒီးမော့ဆို ကာကွယ်ရေး တပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

တစ်မြို့နယ်လုံးဆိုရင် မခန့်မှန်းနိုင်ဘူးဗျ။ တချို့ရွာတွေဆို ခုထိ မရှင်းနိုင်သေးဘူးဗျ။ ရှင်းပြီးသားဆိုရင် တောင် စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲခဲ့တဲ့ ရွာတွေဆို ရာဂဏန်းထိ ရှိတယ်ဗျ။” 

စစ်ကောင်စီမှ အသုံးပြုသော မြေမြုပ်မိုင်းများသည် ပလပ်စတစ်ကိုယ်ထည်ဖြင့် ဖုံးအုပ်ထားပြီး မိုင်းရှာစက်ဖြင့် ရှာဖွေရန် ခက်ခဲနေသောကြောင့် လယ်ထွန်စက်ကြီးများဖြင့် မြေလှန် ရှာဖွေနေကြရသည်ဟု အဆိုပါ ရဲဘော်က ဆက်ပြောသည်။

မိုင်းက စက်နဲ့ရှာလို့ မရဘူးဗျ။ အဲ့ကြောင့် ရှာရခက်တယ်။ အများအားဖြင့် လယ်ထွန်စက်နဲ့ မြေထိုးပြီး ဖြစ်ဖြစ် ရွာအတွင်းဆိုရင် ရဲဘော်တွေက စစ်ဆင်ရေးအနေနဲ့ တစ်ရက်နှစ်ရက် အဲ့လိုယူပြီး ရှင်းပေးရတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း လက်နက်ကြီးတွေ ခပ်စိပ်စိပ် ပစ်လာနေလို့ ရှင်းလင်းရေး နားထားရတယ်။

လက်ရှိတွင်မြေမြုပ်မိုင်းရှင်းလင်းရန် နိုင်ငံတကာအဆင့် နည်းပညာစက်ကရိယာများလိုအပ်လျှက်ရှိပြီး တစ်ပြည် နယ်လုံး အတိုင်းတာ အနေဖြင့် တစ်နှစ်ခန့် အချိန်ယူရှင်းလင်းရနိုင်သည်ဟု ဦးဗညားက ပြောသည်။ ထို့အပြင် ငွေကြေးနှင့် နည်းပညာ အကူညီများလည်း လိုအပ်နေသည်ဟု မိုင်းရှင်းလင်းရေး လုပ်နေသူများက ပြောသည်။

ကရင်နီပြည်တွင် မြေမြုပ်မိုင်းများ သာမက အခြားမပေါက်ကွဲသေးသော မိုင်းနှင့် လက်နက်ကြီးကျည်များလည်း များစွာရှိနေသေးသည့်အတွက် ပြည်သူအများစုသည် မိမိတို့၏ နေရပ်သို့ မပြန်နိုင်ကြသေးဘဲ ဆက်လက် စစ်ဘေးရှောင်နေကြရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။