ကာကွယ်ရေး တပ်များက ရဲစခန်းကို ဒရုန်းဖြင့် သုံးရက် ဆက်တိုက် ဗုံးကြဲ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်။ 

တနင်္သာရီတိုင်း ပလမြို့ ရဲစခန်းကို ဒရုန်းဖြင့်သုံးရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။ 

ပလမြို့ ရဲစခန်းကို ဧပြီလ ၂၅ ရက်နေ့၊ ၂၆ ရက်နေ့ နှင့် ၂၇ ရက်နေ့ နံနက်ပိုင်းများတွင် ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။ 

ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူ့စစ် အဖွဲ့ဝင် အသက် ၄၀ အရွယ် ဦးစုငယ်ဆိုသူလည်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် စစ်ကောင်စီခန့် မီးလောင်ချောင်းရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဇော် ဆိုသူလည်း ခြေတစ်ဖက် ဖြတ် လိုက်ရသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပလပြည်သူ့ဆေးရုံကနေ ဆေးဝါးတွေကိုယူပြီး ပလရဲစခန်းထဲမှာပဲ ထိခိုက်ဒဏ်ရာရသူတွေကို ကုသနေတယ်လို့သိထားရတယ် ဟု ပြောသည်။ 

ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် အချိန်တိုင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တန်ပြန်ပစ်ခတ်ခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ 

ဧပြီလ ၂၇ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်ကလည်း ပလပြည်သူ့ဆေးရုံအနီးတွင် ဆေးလာယူသည့် Vigo ကားတစ်စီးကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း ဆိုသည်။ 

ထို့အပြင် ဧ ပြီလ ၂၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် ပလမြို့ရဲစခန်းရှေ့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်ကိုလည်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှု ၂ ကြိမ်အတွင်း ထိခိုက်ပျက်စီးမှု နောက်ဆက်တွဲအခြေအနေကို မသိရှိရသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

ဧပြီလ ပထမပတ်ကလည်း ပုလောမြို့အခြေစိုက် ခလရ – ၂၈၅ တပ်ရင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ – PRDF ကသတင်းထုတ်ပြန်ထားသည်။