စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်သို့ ပေးပို့ငွေများ သိမ်းဆည်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီ ၃၀ ရက်။
ကော့သောင်းမြို့နယ်အတွင်း ဌာနချုပ်သို့ ပိုဆောင်မည့်ငွေ ကျပ်သိန်း ၅၀၀ ကျော်ကို ပြည်သူ့ ကာကွယ်ရေး အဖွဲ့က သိမ်းဆည်းလိုက်သည်။
ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ရှိ စစ်ကောင်စီ၏ အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ထံ ပို့ဆောင်
မည့် ငွေကျပ်သိန်း ၅၀၀ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ခမောက်ကြီးမြို့၊ အောင်ချမ်းသာကျေးရွာနှင့် ဆိပ်ဖူးကျေးရွာအကြားရှိ ကားလမ်းပိုင်းတွင် လုံခြုံရေးအရ စစ်ဆေးလှုပ်ရှားမှုကို ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကော့သောင်း-ပကဖ တာဝန်ရှိသူက “အမှန်ကတော့ စကစ ပါမပါကိုစစ်တာပါ ၊ ကားပေါ်မှာ သော့ခတ်ထားတဲ့ မသင်္ကာစရာ သံသေတ္တာတစ်လုံးကို တွေ့လို့ စစ်ဆေး မေးမြန်းလိုက်တော့ စကစကိုပို့မယ့် မြစိမ်းရောင် စီမံကိန်း က ငွေတွေ ဖြစ်နေတယ်” ဟု ပြောသည်။
ထိုသို့ပြုလုပ်နေစဥ် အောင်ချမ်းသာကျေးရွာမှ ထွက်ခွာလာသည့် နာရေးကူညီမှု ကားတစ်စီးအား မသင်္ကာသဖြင့် တားပြီး စစ်ဆေးခဲ့ရာ စစ်ကောင်စီ ကွပ်ကဲရေး ဌာနချုပ်ထံ ပို့ဆောင်မည့် ငွေကျပ်သိန်း ၅၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကော့သောင်း-ပကဖ တာဝန်ရှိသူက ပြောသည်။
သိမ်းဆည်းလိုက်သည့် ငွေသိန်းငါးရာကျော်မှာ မြစိမ်းရောင်စီမံကိန်းမှ ကောက်ခံရရှိထားသော ချေးငွေများ ဖြစ်သော်လည်း ၎င်းငွေများကို ရွာသားများအား ပြန်လည်ချေးငှားခြင်း မပြုလုပ်ဘဲ စစ်ကောင်စီ၏ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ထံသို့ ပေးပို့ရမှာဖြစ်ကြောင်း ကားပေါ်တွင် လိုက်ပါလာသည့် သူများက ထွက်ဆိုခဲ့ကြသည်။
ကားပေါ်တွင် လိုက်ပါလာသည့် မြစိမ်းရောင်စီမံကိန်းမှ ကိုယ်စားလှယ် ၄ ဦးနှင့် ယာဥ်မောင်းတစ်ဦးတို့ကိုမူ ထိခိုက်မှု တစုံတရာ လုပ်ဆောင်ခဲ့ခြင်းမျိုး မရှိခဲ့ဘဲ ပြန်လွှတ်ပေးလိုက်ကြောင်း ပကဖ တာဝန်ရှိသူက ဆိုသည်။
ခမောက်ကြီးမြို့၊ ရှမ်းကိုးကျေးရွာဒေသတွင် စစ်ကောင်စီတပ် နှင့် စစ်ရေး မကြာခဏ ဖြစ်ပေါ်နေပြီး နယ်မြေ စိုးမိုးမှုအတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ခရီးသည်ယာဥ်များနှင့် ကုန်ကားများကို မကြာခဏ စစ်ဆေး ဆောင်ရွက်လျက် ရှိသည်။
သိမ်းဆည်းထားသည့် ငွေသိန်းငါးရာကျော်ကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ သက်ဆိုင်ရာဌာနမှ ညွန်ကြားမှုအတိုင်း လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်သည်ဟု ကော့သောင်းပကဖ တာဝန်ရှိသူက ဆိုသည်။