နယ်မြေ ၈၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားသည့် ဖားဆောင်းတွင် စစ်ရဟတ်ယာဉ်တစ်စီး ပစ်ချခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ – လွိုင်ကော်) လက်အောက်ခံ စစ်ဗျုဟာအခြေချထားသော ဘောလခဲခရိုင် ထဲက ဖားဆောင်းမြို့ရှိ စစ်ကောင်စီ တပ်ရင်း ၂ ရင်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်နေ သည်မှာ ၂ လကျော်လာပြီ ဖြစ်သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်လာသော အဆိုပါ ထိုးစစ်ဆင် တိုက်ခိုက်မှုမှာ မေလ ဒုတိယ ပတ်ထိ ဆက်လက်တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

၂ လကျော်ကာလအတွင်း ဖားဆောင်းအခြေစိုက် စစ်ကောင်စီ၏ ခလရ (၁၃၅) သည် တပ်စခန်းကို စွန့်ခွာ၍ ဖားဆောင်းအနောက်ဘက် တောင်ပေါ်ရှိ ခလရ (၁၃၄) စခန်းသို့ ဆုတ်ခွာသွားခဲ့သည်။

ဖားဆောင်းမြို့တွင်းရှိ စစ်ကောင်စီတပ်များကို အပြည့်အဝ မရှင်းလင်းနိုင်သေးသော်လည်း ဖားဆောင်းကို စစ်ကူ လာသည့် စစ်ကောင်စီ၏ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို ဧပြီလဒုတိယပတ်တွင် ပါပုကျေးရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်နိုင်ခဲ့ကြောင်း KNDF က ဆိုသည်။

အဆိုပါ တိုက်ပွဲထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် သေဆုံးခဲ့ပြီး တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူးတို့ အပါအဝင် တပ်ဖွဲ့ဝင် ၅၆ ဦး KNDF ထံ လက်နက်ချခဲ့သည်။ အဆိုပါ တိုက်ပွဲထဲမှာ လက်နက်ကြီး/ငယ် အလက် ၇၀ ခန့်ကိုလည်း သိမ်းဆည်းရမိခဲ့သေးသည်။

လက်ရှိတွင် ဖားဆောင်းမြို့၏ နယ်မြေ ၈၀ ရာခိုင်နှုန်းကို ကရင်နီတော်လှန်ရေး အင်အားစုက သိမ်းပိုက်ထားနိုင် ပြီ ဖြစ်ပြီး လက်ရှိတွင် တပ်ရင်း ၂ ရင်းသာ ကျန်တော့သည်ဟု ပြောသည်။

ဖားဆောင်းမြို့ပေါ်က တိုက်ပွဲများထဲ စစ်ကူလွှတ်လိုက်သော စစ်ကောင်စီ စစ်ကြောင်းမှာ ဧပြီလ ဒုတိယပတ်တွင် တိုက်ခိုက်ခံရပြီးနောက် ယနေ့အချိန်ထိ မြေပြင်စစ်ကူများပင် မလွှတ်နိုင်သေးဘဲ လေယာဉ်ကိုသာ အားကိုးနေ သည့် အခြေအနေမျိုး ဖြစ်နေသည်ဟု မြေပြင်ရှိ ကရင်နီတော်လှန်ရေး အင်အားစု တာဝန်ရှိသူများက ပြောသည်။

ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ခံက ဧပြီလ တိုက်ပွဲကတော့ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေ ဘက်က လုံးဝကို အားတက်တာပေါ့နော်။ ရဲဘော်တွေက အစ။ လာသမျှ စစ်ကြောင်း တစ်ကြောင်းလုံး ပျောက် သွားတာ ဆိုတော့လေ။ စစ်ကြောင်း တစ်ကြောင်းလုံး လာတယ်၊ သူတို့ကို စစ်ကူလာပေးတယ် လာပေးတဲ့ စစ် ကြောင်း တစ်ကြောင်းလုံး အကုန် ပျောက်သွားတယ်။ လက်နက်ခဲယမ်းတွေလည်း အများကြီး သိမ်းဆည်း ရမိတယ်ပေါ့။ အဲဆိုတော့ ရဲဘော်တွေ အားတက်တာပေါ့ ဟု ပြောသည်။

လတ်တလောတွင် ဖားဆောင်းမြို့၏ ၈၀ ရာနှုန်းလောက်ကို ကရင်နီမဟာမိတ် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ ခမရ ၁၃၄ နှင့် ၁၃၅ တပ်ရင်း ၂ ခုပဲ ကျန်ရှိတော့သည်။

အဆိုပါ တပ်ရင်း ၂ ရင်းကလည်း မြေပြင်စစ်ကူ လမ်းကြောင်းများ ဖြတ်တောက်ခံထားရ၍ လေကြောင်း အကူ အညီကိုသာ အားကိုးနေကြရသည်။

ကရင်ပြည် သံတောင်ကြီးမြို့နယ်အစပ်ဒေသ ကရင်နီပြည်၊ ဖားဆောင်းမြို့ပေါ် တိုက်ပွဲက တိုက်ပွဲများထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံခဲ့ရ၍ အယောက် ၆၀ ကျော်သေဆုံးပြီး ဗျူဟာ မှူး အပါအဝင် ၅၆ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု မြေပြင်ရှိ စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

ဘောလခဲမြို့မှ ဖားဆောင်းမြို့ကို စစ်ကူရောက်ရှိလာသော အဆိုပါ စစ်ကောင်စီ စစ်ကြောင်းက ဧပြီလ ဒုတိယ ပတ်ထဲ၌ ကြားဖြတ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်း ရမိခဲ့သည်ဟု ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ခံက ပြောသည်။

အဓိကတော့ အဲမှာ ကျနော်တို့တွေ့တဲ့ သူတို့ရဲ့ အလောင်းတွေပေါ့။ အဲဒီကနေပြီးတော့ အတည်ပြုတာပါ။ ၆၀ ကျော် ထင်တယ်။ ၂ ခုစလုံးပေါ့။ အလံဖြူတော့ မပြဘူး။ ဒါပေမယ့် သူတို့ ပြေးဖို့က အခက်အခဲ ဖြစ်သွားပြီ။ မလွယ်တော့ဘူးပေါ့နော်။ အဲမှာ ကျနော်တို့ရဲ့ ရဲဘော်တွေကလည်း လက်နက်ချဖို့ပေါ့၊ လက်နက်ချပါ အသက် အန္တရာယ် အာမခံတယ်။ သူတို့အနေနဲ့ ပြေးလည်းပဲ မလွတ်တော့ဘူးပေါ့။ အဲ့လို အနေအထားမျိုးမှာ လက်နက် ချတာပါ။” 

အလားတူ ဖားဆောင်းမြို့နယ်ထဲတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစီးကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ် များဘက်က မေလ ၆ ရက် တွင် ပစ်ချလိုက်နိုင်ကြောင်း ကရင်နီတပ်မတော် (KA) ၏ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောသည်။

စစ်ကောင်စီ၏ ရဟတ်ယာဉ်သည် ဖားဆောင်းရှိ စစ်ကောင်စီတပ်အတွက် လူနာလာသယ်သည့် ရဟတ်ယာဉ် ဖြစ်နိုင်ကြောင်း KA စစ်ရေးချုပ်က ပြောသည်။

ဗိုလ်မှူးကြီးဘုန်းနိုင်က ရဟတ်ယာဉ်မလာခင်မှာ ဂျက်ဖိုင်တာဗုံးလာကြဲချပြီး နောက်ပိုင်းရဟတ်ယာဉ်ပါတယ်။ လူနာလာသယ်ဖို့ယူဆတယ်။ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ၂ စီးလာတယ်။ ပထမ ဂျက်ဖိုက်တာ ဗုံးလာ ကြဲ ပြီးတော့မှ လူနာလာသယ်ဖို့ ထင်တယ်။ အဲဒီမှာ တပ်ဖွဲ့ဝင်တွေက ပစ်တော့ ၁ စီးထိသွားပြီး မီးခိုးအများ ကြီးနဲ့ ဘောလခဲ ပြန်သွားတယ် ပြောတယ်။ ဘောလခဲမှာ သူတို့ ဗျူဟာကုန်းရှိတယ်။ အဲဒီကို အပြန်လမ်းမှာ ကျသွား တယ်လို့ ပြောတယ် ဟု ပြောသည်။

စစ်ကောင်စီ၏ ရဟတ်ယာဉ်သည် နှစ်ဖက်တပ်များမရှိသည့် မြေပြင်တစ်နေရာတွင် ပျက်ကျသွားခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပျက်ကျသွားသော နေရာအား နယ်မြေရှင်းလင်းရေး လုပ်ဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကလည်း စစ်ကောင်စီ၏ K-8W တိုက်လေယာဉ်တစ်စီးကို ကရင်နီ (ကယား) ပြည်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲနှင့် တမိုင်ခန့်အကွာ သံလွင်မြစ်ကမ်းဘေးတွင် ပစ်ချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း တစ်လေးလုံး စစ်ဆင်ရေးစတင်ပြီး သုံးရက်အကြာ၌ စစ်ကောင်စီ၏ တိုက်လေယာဥ်တစီးကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပစ်ချနိုင်ခဲ့သေူသည်။

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA)၊ ဘော်လခဲ PDF၊ ဖားဆောင်း PDF တို့ ပူးပေါင်း ဖော်ဆောင်ခဲ့ကြသည့် ဧပြီလ ၁၂ ရက်နေ့ တိုက်ပွဲထဲ ကရင်နီမဟာမိတ် တော်လှန်ရေး အင်အားစုများဘက်တွင် မစိုးရိမ်ရသည့် အသေးစား ဒဏ်ရရှိသူ ၁၀ ဦးခန့် ရှိခဲ့ပြီး ကျဆုံးသူ တစ်ဦးမှ မရှိခဲ့ဘူးဟု ရှေ့တန်းမြေပြင် သတင်းအရင်းအမြစ်များ က ပြောသည်။

မတ်လ ၂၀ ရက်နေ့တုန်းကလည်း ဘောလခဲမြို့မှ ဖားဆောင်းမြို့ကို စစ်ကူရောက်လာသော စစ်ကောင်စီ စစ် ကြောင်းမှာ ဖားဆောင်းမြို့နယ်၊ ပါပုကျေးရွာတွင် ကြားဖြတ် တိုက်ခိုက်ခံရပြီး ၁၆ ဦး ပွဲချင်းပြီး သေဆုံးကာ အယောက် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည့် အပြင် လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်း ဆည်းရမိခဲ့ သေးသည်ဟု ဒီးမော့ဆို PDF ၁၁၀၆ တပ်ရင်း တာဝန်ရှိသူများက ပြောသည်။

ဖားဆောင်းမြို့၏ ၃ ပုံ ၂ ပုံခန့်ကို ပြီးခဲ့သည့် ၃ လခန့်က စပြီး ကရင်နီမဟာမိတ် တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ရာ တိုက်ပွဲများ အနည်းငယ် ငြိမ်သက်သွားခြင်းကြောင့် စစ်ဘေးရှောင် ၂၀ ရာခိုင်နှုန်းခန့် နေရပ်ပြန်လာကြပြီဟု မြို့ခံများက ပြောသည်။

ဓါတ်ပုံ – ဖားဆောင်းမြို့တွင်းက မတ်လတွက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေ (Free Burma Ranger)