ကံပေါက်မှ CDM ဆရာမ နှစ်ဦးကို ထောင် ၄ နှစ်စီ အမိန့်ချ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်။

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ CDM ဆရာမနှစ်ဦးကို စစ်ကောင်စီမှ မေလ ၇ ရက်နေ့က ထောင် ဒဏ် ၄ နှစ်စီ အမိန့်ချမှတ်လိုက်သည်ဟု မိသားစုဝင်များက ပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ ည ၁၁ နာရီခွဲအချိန်ခန့်က မောရဝတီရေတပ်မှ ကားသုံးစီး အင်အား ၂၀ ခန့်ဖြင့် ရောက်ရှိလာပြီး နေအိမ် အသီးသီးတွင် ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းဆီးခံထားရသူ CDM ပညာရေး ဝန်ထမ်းလေးဦး အနက် မဂ္ဂင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၀ နှစ် အရွယ် ဆရာမ ဒေါ်ယဥ်ယဥ်အေး နှင့် မိကျောင်းအိုင်ရပ်ကွက် ရတနာလမ်းမှ အသပ် ၃၄ နှစ်အရွယ် ဆရာမ ဒေါ်သက်သက်မော်တို့ နှစ်ဦးကို ရေဖြူမြို့နယ် တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

CDM ဆရာမနှစ်ဦး ကို နှစ်လခွဲခန့်အကြာ စစ်ဆေး၍ ရုံးချိန်း ၆ ကြိမ် မြောက်ချိန်းဆိုပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ် သည်။

ဒေါ်သက်သက်မော်၏ မိသားစုဝင်တစ်ဦးက ဆရာမ နှစ်ယောက်စလုံး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂က နဲ့ တစ်ယောက်ကို လေးနှစ်စီ အမိန့်ချလိုက်တယ်။ ကျန်းမာရေးကတော့ ကောင်းကြပါတယ်။ ဒေါ်ယဥ်ယဥ် အေးကတော့ နည်းနည်း ပိန်ကျသွားတယ် ဟု ပြောသည်။

ဆရာမနှစ်ဦး ဖမ်းဆီးခံရစဥ် အချိန်တွင် စစ်ကောင်စီတပ်မှ ၎င်းတို့ ပိုင်ဆိုင်သည့် ဖုန်းနှင့် ပစ္စည်း အချို့ကိုလည်း သိမ်းဆည်းသွားသေးကြောင်း အဆိုပါ မိသားစုဝင်က ဆက်ပြောသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဖမ်းဆီးခံရသည့် မင်းသားကျေးရွာမှ CDM ဆရာမ ဒေါ်ကေဂျာဦးနှင့် ဖေဖော်ဝါရီ

လ ၁၉ ရက်နေ့တွင် ဖမ်းဆီးခံရသူ လှည်းကုန်း အမှတ် (၂) ရပ်ကွက်မှ ဒေါ်နီလာစန်းတို့မှာမူ လက်ရှိအချိန်အထိ ထားဝယ်ထောင်တွင်း တရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း မိသားစုများက ဆိုသည်။

ကံပေါက်ဒေသတွင် ယခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း လူ ၂၀ ကျော် ဖမ်းဆီးခြင်းခံခဲ့ရပြီး အများစုမှာ ပြန် လည် လွတ်မြောက်လာသော်လည်း မောရဝတီရေတပ်တွင် ဖမ်းဆီးခံထားရသူ ခြောက်ဦးနှင့် ထားဝယ် အကျဥ်း ထောင်တွင် ၅ ဦး၊ စုစုပေါင်း ၁၁ ဦးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

 >>>