လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို ခရိုင်ပကဖမှ လက်နက်များဖြုတ်သိမ်း။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်။
လောင်းလုံးမြို့နယ် အခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို နာရီပိုင်းအကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် လက်နက်များ ဖြုတ်သိမ်းလိုက်သည်ဟု ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
Modern Punks အဖွဲ့မှ ခေါင်းဆောင် မောင်ကြက်ဥနှင့် အဖွဲ့ဝင်များကို လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာတွင် ထားဝယ်ခရိုင် ပကဖအဖွဲ့မှ မေလ ၆ ရက်နေ့ နံနက်ပိုင်းက ကားနှစ်စီးနှင့် လာရောက် ဖမ်းဆီးသွားခဲ့ ခြင်း ဖြစ်သည်။
ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက “လက်နက်တွေ ဖြုတ်သိမ်းထားရတဲ့ အကြောင်း အသေးစိတ်ကိုတော့ ခရိုင်ပကဖအနေနဲ့ သီးခြားရှင်းလင်းချက် ထုတ်ပြန်ပေးသွားပါ့မယ်” ဟု ပြောသည်။
ညနေပိုင်းတွင် ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ အားလုံးကို ပြန်လွှတ်ပေးခဲ့သော်လည်း လက်နက်များကိုမူ ဆက်လက် သိမ်းဆည်းထားကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။
Modern Punk အဖွဲ့ကို ဖမ်းဆီးထားပြီးနောက် အဖွဲ့ဝင် ၆ ဦးကို နံနက်ပိုင်းမှာပင် ပြန်လွှတ်ပေးလိုက်သော်လည်း အဖွဲ့ခေါင်းဆောင် မောင်ကြက်ဥကိုမူ ဆက်လက် ဖမ်းဆီးထားခဲ့ကြောင်း ဆိုသည်။
ထို့နောက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ရာနှင့်ချီသည့် ရွာသားများက အဖွဲ့ခေါင်းဆောင် မောင်ကြက်ဥကို ပြန် လွှတ်ပေးရန် အင်အားပြ တောင်းဆိုခဲ့ခြင်းကြောင့် ညနေ ၄ နာရီတွင် ခံဝန်လက်မှတ်ရေးထိုးစေပြီး ပြန်လွှတ်ပေး လိုက်သည်ဟု ရွာသားတစ်ဦးက ဆိုသည်။
Modern Punk အဖွဲ့ကို ဖမ်းဆီးခဲ့သည့် ဖြစ်စဥ်ကို ၎င်းတို့အနေဖြင့် ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်း မရှိဘဲ တာဝန်ရှိ သူများက လာရောက်ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်ဟု လောင်းလုံးမြို့နယ် ပကဖ အဖွဲ့မှ ထုတ်ပြန် ထားသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အချင်းချင်း ဖမ်းဆီးပြီးလက်နက်များ ဖြုတ်သိမ်းအရေးယူခဲ့သည့် ဖြစ်စဥ်မျိုး ပြီးခဲ့ သည့် ၂၀၂၃ ခုနှစ်ကလည်း တနင်္သာရီမြို့နယ်တွင် ရှိခဲ့ဖူးသေးသည်။
ဓါတ်ပုံ – Modern Punk အဖွဲ့ခေါင်းဆောင်ကို ပြန်လွှတ်ပေးရန် တောင်းဆိုနေသည့် ရွာသားများ
>>>