သိန္နီတွင် ၄၀ မမ ဗုံးသီးပေါက်ကွဲ၍ လူငယ်တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်၊ ကောင်းဟော်ကျေးရွာတွင် ၄၀ ၄၄ ဗုံးသီး ပေါက်ကွဲရာမှာ လူငယ် တစ်ဦး သေ၊ တစ်ဦးထိခိုက်ဒဏ်ရာရသွားသည်ဟု ဒေသခံများက ပြောသည်။

ကောင်းဟော်ကျေးရွာတွင် လုပ်အားပေး သွားရောက်ကူညီသည့် လူငယ်နှစ်ဦးမှာ မပေါက်ကွဲသေးသော ၄၀ မမ ဗုံးသီးကို ယူဆော့ရာမှ ပေါက်ကွဲမှု ဖြစ်ပွားကာ တစ်ဦးသေဆုံး၊ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။


ဒေသခံတစ်ဦးက သူတို့က ပျက်စီးနေတဲ့ ဘုန်းကြီးတွေနေတဲ့‌ အဆောင်မှာ အမိုးတွေ ဖြိုတ်ချနေတာ ၁၁ နာရီ ထိုးခါနီးမှာ အရမ်းပူလို့ ခဏ နားမယ်ဆိုပြီး သူတို့ ပျဉ်ပုံတဲ့ နားမှာရှိတဲ့ မကွဲသေးတဲ့ ၄၀ မမ ဗုံးသီးကို မကွဲတော့ ဘူး ဆိုပြီး ကောက်ကိုင်လိုက်တာ။ ပူအိုက်လို့ဆိုပြီး ယက်တောင်ခက်ရင်း အဲ့ဒါကို ရိုက်မိတော့ ကွဲသွားတာ ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင် အချိန်က သိန္နီမြို့၊ ကျောင်းခမ်းအုပ်စု၊ ကောင်းဟော်ကျေး ရွာမှာ ပျက်စီးနေသည့် ဘုန်းကြီးကျောင်းကို ပြန်လည်ပြုပြင်ရန် လုပ်အားပေးရင်း အနားယူနေချိန်တွင် ပေါက် ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိခိုက်သူ အမျိုးသာနှစ်ဦးမှာ အသက် ၂၄ နှစ်အရွယ် ကိုဘရန်လတ်အောင် နှင့် အသက် ၂၂ နှစ်အရွယ် ကိုဆိုင်းနော်ဂျာ တို့ ဖြစ်သည်။

၎င်းတို့ နှစ်ဦးမှာ ညီအစ်ကိုများဖြစ်ကြပြီး ကိုဘရန်လတ်အောင်မှာ လည်ပင်း ထိမှန်ဒဏ်ရာနှင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်။

ကိုဆိုင်းနော်ဂျာမှာမူ လည်ပင်း၊ တင်ပါးနှင့် ပါးစပ်တို့တွင် မိုင်းစများ ထိမှန်သွားပြီး လက်ရှိတွင် ကွမ်းလုံဆေးရုံ၌ သွားရောက် ဆေးကုသမှု ခံယူနေရသည်။

သိန္နီမြို့ကို MNDAA က ယခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိအချိန်ထိ မိုင်းရှင်းလင်းရေး လုပ်ဆောင်ခြင်းမျိုး မတွေ့ရသေးသည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။

၁၀၂၇ စစ်ဆင်ရေးပြီး နောက်ပိုင်းတွင် ရှမ်းမြောက်ဒေသတလျှောက်တွင် မိုင်းပေါက်ကွဲမှုများ ဆက်တိုက် ဖြစ် ပွားလျှက်ရှိရာ မေလ ၂ ရက်နေ့က လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာတွင် ကိုရင်တစ်ပါးနှင့် လူငယ်တစ်ဦးတို့ သည် မြေမြှုပ်မိုင်းထိပြီး သေဆုံးသွားခဲ့သေးသည်။

အလားတူ မန်တုံမြို့နယ် မန်စပ်ကျေးရွာတွင်လည်း ကောက်ယူလာသည့် ကြိုးမိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ လူငယ် (၂) ဦး မေလ ၁ ရက်နေ့က ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။