ရှမ်းတောင်ဒေသ အချို့တွင် တိုက်ပွဲ ဖြစ်ပွားမည်ဟု စစ်ကောင်စီက သတင်းမှားများ ဖြန့်ဝေနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်။
ရှမ်းပြည်တောင်ပိုင်း ဒေသအချို့တွင် လာမည့် ရက်သတ္တပတ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာမည် ဆိုသည့် သတင်းအမှားကို စစ်ကောင်စီတပ်က ဖြန့်ဝေထားသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ ကျိုင်းခမ်း၊ ကျောက်ဂူကျေးရွာနှင့် ဟိုပုံးမြို့တို့တွင် မေလ ၆ ရက်နေ့က လက်ရေးဖြင့် ရေးသားထားသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး ဒေသခံများ အနေဖြင့် စိုးရိမ်ထိတ်လန့် ကာ တိမ်းရှောင်နေရသည်။
ကျောက်ဂူကျေးရွာနေ အမျိုးသား တစ်ဦးက “စစ်တပ်က စာရွက်လာပေးသွားတာ။ မြန်မြန်ရှောင်ကြပေါ့နော်။ တိုက်ပွဲဖြစ်လာရင် တာဝန်မယူဘူး ပြောတယ်။ အများစုကတော့ ရှောင်ကြပြီ။ တချို့က ဘာမှမဖြစ်နိုင်ဘူး ထင် ပြီး ဒီတိုင်း နေနေကြတာတော့ ရှိတယ်” ဟု ပြောသည်။
စစ်ကောင်စီက သတင်းမှား ဖြန့်ဝေသည့် လက်ကမ်းစာစောင်များထဲတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရခိုင့်တပ်တော် (AA)တို့အပြင် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/ SSA)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)နှင့် နွေဦးတော်လှန်ရေး အင်အားစုများလည်း ရောက်ရှိနေသည် ဖြစ်ရာ အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်ပြီး အနည်းဆုံး မိုင် ၃၀ ခန့်အထိ တိမ်းရှောင်ကြရန် ဖော်ပြထားသည်။
အလားတူ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလဲကျေးရွာတွင်လည်း စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNA)ခေါင်းဆောင် ခွန်စံလွင်မှ လာမည့် တစ်ပတ်အတွင်း SSPP နှင့် စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်လာနိုင်သည်ဖြစ်ရာ ဒေသခံများအား နီးစပ်ရာ ဆွေမျိုးများနှင့် ကျည်လွတ်နိုင်မည့် နေရာများသို့ တိန်းရှောင်ကြရန် သတိပေးထားသည်ဟု ဒေသခံများက ပြောသည်။
ဖာလဲကျေးရွာနေ အမျိုးသမီး တစ်ဦးက “SSPP ရောက်နေပြီ။ အဆင်သင့်ပြင်ထားလို့ ပြည်သူ့စစ်က လိုက်ပြော နေတာ။ ရောက်မရောက်တော့ မသိဘူး။ သွားလာနေတာတော့ ရှမ်းစစ်သားတွေ မတွေ့မိပါဘူး။ တော်တော် များများကတော့ ရှောင်ကြတာပေါ့။ လူငယ်ပိုင်းတွေဆို စစ်မှုထမ်း ပါမှာစိုးလို့ တခြားမြို့ကို ပြေးကြတာ” ဟု ပြောသည်။
ဒေသခံအများစုမှာ နီးစပ်ရာ တောတောင်နေရာများ၌သာ တိမ်းရှောင်နေကြသော်လည်း အချို့မှာ စစ်ကောင်စီ၏ ဝါဒဖြန့်မှုသာ ဖြစ်နိုင်သည်ဟု သုံးသပ်ကြပြီး ၎င်းတို့၏ နေအိမ်များတွင်သာ အခြေအနေများကို စောင့်ကြည့်နေ ကြသည်ဟု ဆိုသည်။
ဓနုဒေသများတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “စစ်ပွဲကတော့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ RCSS၊ SSPP နဲ့ စစ်ကောင်စီတို့က အချင်းချင်း အပေးအယူတွေ ရှိတယ်။ နယ်မြေတွေ ခွဲထားတယ်။ မြောက် ၃ ကောင်တော့ ရောက်မရောက် မသိပေမယ့် RCSS နဲ့ SSPP ကတော့ အရင်ကတည်းက ရှိနေတာပါ။ အဖွဲ့ဆုံလို့ ဖြစ်စတမ်းဆို အရင်ကတည်းက ဖြစ်နေပါပြီ။ သူတို့ ဒီလို သတင်းမှား ဖြန့်တယ်ဆိုတာ က တော်လှန်ရေးတပ်သားတွေ၊ EROS တွေ ရှိနေလို့ တိုက်ပွဲဖြစ်ရတာဆိုပြီး ဝါဒဖြန့်ချင်တာပါ” ဟု ပြောသည်။
စစ်ကောင်စီက ဖြန့်ဝေထားသည့် စာရွက်မှာ သတင်းမှား ဖြန့်ဝေမှုသက်သက် ဖြစ်သော်လည်း SSPP ၏ ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က မေလ ၃ ရက်နေ့တွင် “နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာမရလျှင် စစ်ရေးနည်းလမ်း ဖြင့် အဖြေရှာရလိမ့်မည်” ဟု ပြောဆိုထားသောကြောင့် ဒေသခံများမှာ စိုးရိမ်ပူပန်နေကြသည်။