စစ်မှုထမ်း လူစားထိုးရန်ဟုဆိုကာ တစ်အိမ်ကို ငွေကျပ်သုံးသောင်းကောက်ခံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်။
မြိတ်မြို့နယ်ရှိ တညက်ကျေးရွာတွင် စစ်မှုထမ်းအတွက် လူစားထိုးရန်ဆိုသော အကြောင်းပြချက်ဖြင့် ကျေးရွာ အုပ် ချုပ်ရေးမှူးအဖွဲ့က တစ်အိမ်ကို ငွေသုံးသောင်းကျပ် ကောက်ခံနေသည်ဟု ရွာသားများက ပြောသည်။
တညက်ကျေးရွာတွင် ရပ်ကွက်ပေါင်း ရှစ်ခု၊ အိမ်ခြေတစ်ထောင်ကျော်ရှိပြီး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မေလ ၁ ရက်နေ့မှစကာ ယနေ့အချန်ထိ တစ်အိမ်တက်တစ်အိမ်ဆင်း နေ့စဥ်နီးပါး ငွေကြေးလိုက်လံ ကောက်ခံနေသည်။
ငွေကြေးကောက်ခံနေသည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က တောင်းသည့်ငွေအား မပေးပါက မြိတ်မြို့မှ စစ်ကောင်စီ တပ်ဖွဲ့ကို ခေါ်ယူပြီး ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း တညက်ရွာသားများက ဆိုသည်။
အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “အိမ်တိုင်းကို လိုက်ကောက်တာပါ။ ရွာမှာက လူငယ်တွေ ကြောက် လန့်ပြီး မရှိကြတော့ဘူး။ လူအစားထိုး ငှားပြီး ထည့်ရဖို့အတွက် အကုန်လုံး ဝိုင်းစုပြီး ပိုက်ဆံထည့်ရမယ်ဆိုပြီး ကောက်တာ” ဟု ပြောသည်။
ပြေလည်မှုမရှိသည့် အိမ်မျိုးမှာပင် ရသည့်နေရာမှ ရှာဖွေ ချေးငှားပြီး ပေးနေရကြောင်းနှင့် ယခုကဲ့သို့ ငွေကြေး ကောက်ယူခြင်းမျိုးကို နောက်လများတွင်လည်း ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောဆိုသံများကို ကြား နေရသည်ဟု ရွာသားများက ဆိုသည်။
တညက်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၃ ခုနစ် စက်တင်ဘာလအတွင်းက လာရောက် ဖမ်းဆီးခဲ့ဖူးသော်လည်း အုပ်ချုပ်ရေးမှူးဖြစ်သူ တိမ်းရှောင် လွတ်မြောက် သွားခဲ့သည်ဟု ရွာသားများက ပြောသည်။
မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပကဖ မှ လူစားထိုးပြီး စစ်မှုထမ်းခိုင်းရန် ငွေကြေးကောက်ခံသည့် သူများကို ဆက်မလုပ်ကြရန် ပြီးခဲ့သည့် ဧပြီလ ဒုတိယပတ်တွင် သတိပေးစာ ထုတ်ပြန်ခဲ့ဖူး သည်။
တနင်္သာရီတိုင်း အတွင်းရှိ မြိတ်၊ ရေဖြူ၊ သရက်ချောင်း၊ ကော့သောင်း၊ ကျွန်းစုနှင့် ဘုတ်ပြင်းစသည့် မြို့နယ်များ တွင် စစ်မှုထမ်း ပထမသုတ် မတ်လနှင့် ဧပြီလတွင် ခေါ်ယူခဲ့သည်။
ထိုနှစ်လတွင် စစ်မှုထမ်းအတွက် လူစားထိုးရန်ဟု ဆိုကာ ငွေကျပ် သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ကောက် ခံခဲ့ခြင်းများ ရှိခဲ့သည်။
တနင်္သာရီတိုင်းတွင် ပထမအသုတ် စစ်သင်တန်းကို ပုလောမြို့နယ်၊ ပလောက်မြို့ရှိ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း တကက (၁၂) တွင် ဧပြီလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည်။