မြိတ် – ကော့သောင်းကားလမ်း တွင် တိုက်ပွဲများကြောင့် ရေလမ်းခရီးကို ပြောင်းလဲ အသုံးပြုနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်။
မြိတ် – ကော့သောင်း ကားလမ်းတစ်လျှောက်တွင် ရက်ရှည်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း တံတားအချို့ ပျက်စီးနေပြီး ကားများသွားလာရန် အဆင်မပြေခြင်းကြောင့် ရေလမ်းခရီးကို ပြောင်းလဲ အသုံးပြုနေရသည်ဟု ခရီးသွားလာသူများက ပြောသည်။
တိုက်ပွဲများမှာ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ် အကြားက 1020 တောင် တစ်ဝိုက်တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။
ဧပြီလ ၃၀ ရက်နေ့မှ စတင်ပြီး 1020 တောင်တွင် တိုက်ပွဲများ ပြင်းထန်နေသည်မှာ ၁၀ ရက်တိုင်ရှိနေကာ စစ်ကောင်စီ လေတပ်မှလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
1020 တောင် တိုက်ပွဲကြောင့် တနင်္သာရီနှင့် ဘုတ်ပြင်းလမ်းပိုင်းတွင် ခရီးသည်တင်ကားများ ပိတ်မိနေပြီး ရွာသားများနှင့် ဘုန်းကြီးကျောင်းများက နေရာထိုင်ခင်းနှင့် စားသောက်ဖွယ်ရာများ ကူညီပေးနေရကြောင်း ယာဥ်မောင်းသူတစ်ဦးက ပြောသည်။
တိုက်ပွဲ အနီးဝန်းကျင်ရှိ ရွာသားများလည်း ထွက်ပြေး တိမ်းရှောင်နေကြရပြီး လမ်းခရီးတွင် ပိတ်မိနေသည့် ခရီးသည်များမှာလည်း နေထိုင်စားသောက်ရေး အပြင် သောက်သုံးရေနှင့် ချိုးရေ အပါအဝင် အခက်အခဲများစွာ ကြုံနေကြသည်။
အလားတူ ဘုတ်ပြင်းမြို့နယ် ခဲချောင်းကျေးရွာမှ ပေ ၃၀ ဝန်းကျင်အရှည်ရှိသည့် တံတား ပျက်စီးနေခြင်းကြောင့် လမ်းကို စစ်ကောင်စီက သွားလာခွင့်ပိတ်ထားကြောင်း ရွာသားများက ဆိုသည်။
စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်းကို ခဲချောင်းကျေးရွာ တံတားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် တံတားတစ်ဖက် စောင်းသွားပြီး ကုန်တင်ကားများနှင့် မှန်လုံယာဉ်များ ဖြတ်သန်းသွား လာ၍ မရဘူးဟု ဆိုကြသည်။
အသက် ၅၀ ခန့်အရွယ် ခဲချောင်းရွာသားတစ်ဦးက “ကုန်ကားကြီးတွေ လုံးဝဖြတ်မရအောင်ကို တံတားက စောင်း သွားတာ၊ ကားငယ်လေးတွေကတော့ တခြမ်းကပ် ပြီး မောင်းလို့ ရနေပေမဲ့ စစ်တပ်က သွားလာခွင့် ပိတ်ထား တယ်” ဟု ပြောသည်။
ပိတ်မိနေသည့် ခရီးသည်တင်ကားများအနက် ဘုတ်ပြင်း၊ ကော့သောင်းဘက်သို့ လှည့်ပြန်၍ ရသည့် ကားများက ပြန်လှည့်သွားကြပြီး ခရီးသည်အချို့က စက်လှေဖြင့် ဘုတ်ပြင်းမှ မြိတ်မြို့ဘက်သို့ ရေလမ်းခရီးသုံးကာ သွားလာနေကြသည်။
ဘုတ်ပြင်း – မြိတ် ရေကြောင်းခရီးကို စက်လှေဖြင့် သွားလာခ တစ်ဦးလျှင် ကျပ်နှစ်သောင်းမှ နှစ်သောင်းခွဲခန့် ပေးရပြီး တစ်ရက်လျှင် စက်လှေဖြင့်သွားလာသူ အယောက် ၁၀၀ ကျော်ရှိကာ ခရီးတစ်ခေါက်ကို ပျမ်းမျှ ၁၇ နာရီခန့် ကြာမြင့်သည်ဟု ခရီးသည်များက ပြောသည်။
မကြာမီ မိုးရာသီ ကျရောက်လာတော့မည် ဖြစ်သောကြောင့် ယခုကဲ့သို့ ရေကြောင်းမှ ရေရှည် ခရီးသွားလာနေရ မည်ဆိုပါက အန္တရာယ်များရှိ နိုင်နေသည်ဟု ဘုတ်ပြင်းမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
မြိတ် – ကော့သောင်း ကားလမ်းမ တလျှောက်အပြင် ထားဝယ်၊ တနင်္သာရီမြို့နယ်များတို့တွင်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု ခရီးသွားများနှင့် ဒေသခံပြည်သူများက ပြောသည်။