ဟိုပုံးတွင် လူငယ် ၂၂ ဦးအား စစ်ကောင်စီက စစ်မှုထမ်းရန် တိုက်ရိုက်ခေါ်ယူ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာအုပ်စု၊ ခိုလှိုင်ကျေးရွာ တွင် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်အတွင်း စစ်ကောင်စီက လူငယ် ၂၂ ဦးအား စစ်မှုထမ်း ခေါ်ယူခဲ့သည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။

အဆိုပါ လူငယ်များအား မဲနှိုက်ခြင်း မရှိဘဲ တိုက်ရိုက် ဆင့်ခေါ်စာဖြင့် စစ်မှုထမ်းရန် ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ဟိုပုံး မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက)ရုံးတွင် မေလ ၇ ရက်နေ့က အမည်စာရင်း သွင်းခဲ့ရသည်ဟု ဆိုသည်။

စစ်မှုထမ်း ပါဝင်သူများနှင့် နီးစပ်သူ တစ်ဦးက စာရင်းပဲ သွင်းရသေးတယ်။ လူကတော့ ကြိုက်တဲ့အချိန် လာ ခေါ်မှာ။ ဘယ်သူမှတော့ မသွားချင်ကြဘူးလေနော်။ စစ်သင်တန်းကတော့ PNO ခေါ်ရင် ထန်စမ်းဂူနားမှာ တက် ရတယ်။ ဗမာစစ်တပ်ကတော့ အဲ့ကိုပဲ သွားခိုင်းမလား။ သူတို့ စစ်တပ်ဝင်းထဲ ခေါ်မလား မသိရသေးဘူး။ အခု တစ်ခေါက်က မညှိကြတာ မဟုတ်ဘူး။ ညှိစရာ ပိုက်ဆံကို မရှိတာ ဟု ပြောသည်။

စစ်မှုထမ်း ပါဝင်သူများမှာ အသက် ၂၀ မှ ၃၀ နှစ်ဝန်းကျင်အတွင်း လူငယ်များ ဖြစ်ကြပြီး စစ်မှုထမ်း ဆင့်ခေါ် သည့်ရက်တွင် အချိန်မီ မရောက်ရှိပါက ဖမ်းဝရမ်းထုတ်၍ မိသားစုဝင်များကိုပါ ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ထားကြောင်း ရွာသူကြီးနှင့် နီးစပ်သူများက ပြောသည်။

ခိုလှိုင်ကျေးရွာတွင် ယခင်လတွင်လည်း ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က စစ်မှုထမ်းရန် ခေါ်ယူခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်မှာ PNA နှင့် သက်ဆိုင်ခြင်း မရှိဘဲ စစ်ကောင်စီမှ သီးသန့် ခေါ်ယူမှုဖြစ်ပြီး လာမည့်လများတွင် လည်း ဒုတိယအသုတ် အနေဖြင့် ခေါ်ယူရန်အတွက် စီစဉ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

ခိုလှိုင်ကျေးရွာနေ အမျိုးသား တစ်ဦးက တကယ်တမ်းဆို ဒီလို ကိစ္စတွေကို PNO ကကာကွယ်ပေးရမှာ။ အခုက သူတို့ကပါ စစ်တပ်အတိုင်း လိုက်လုပ်နေတော့ ဘယ်သူ့ကို အကူညီတောင်းရမလဲ မသိတော့ဘူး။ PNLO ကျ တော့လည်း ကျနော်တို့နဲ့ အလှမ်းဝေးတယ်လေ။ စစ်မှုထမ်းရမယ့်သူတွေက ရှေ့တန်းပါသွားရင်တော့ အလောင်းတောင် ပြန်ရဖို့ မသေချာဘူး ဟု ပြောသည်။

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် စစ်ကောင်စီတပ် နှင့် PNA တပ်များမှ လစဉ် စစ်မှုထမ်းရန် ခေါ်ယူ နေသောကြောင့် ဒေသခံများ အနေဖြင့် လက်နက်ကိုင် ၂ ဖွဲ့လုံးအား ကြောက်ရွံ့နေရသည့် အခြေအနေ ဖြစ်နေ သည်။

ထို့အပြင် PNA တပ်မှ ခေါ်ယူထားသည့် တပ်သားသစ်များကိုလည်း စစ်သင်တန်း ၂ ပတ်သာ ပေး၍ ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်နေပြီး ထိခိုက်သေဆုံးသူများအား လချီကြာမှ မိသားစုဝင်များထံ အကြောင်းကြားသည့် အပြင် အလောင်းပြန်ပေးခြင်းလည်း မရှိဘူးဟု တပ်သားသစ် မိသားစုဝင်များက ပြောသည်။