ဘော်ဆိုင်းတွင် တရုတ်နိုင်ငံသား တစ်ဦး ဖမ်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် ဘော်ဆိုင်းတွင် သတ္တုတူးဖော်နေသည့် တရုတ်နိုင်ငံသား တစ်ဦးအား ပြီးခဲ့သည့် တစ်ပတ်အတွင်း ဟဲဟိုးမြို့ နယ်မြေရဲစခန်းမှ ဝင်ရောက် ဖမ်းဆီးခဲ့ သည်ဟု မြို့ခံများက ပြောသည်။
တရုတ်နိုင်ငံသား ၃ ဦးမှာ ဘော်ဆိုင်းမြို့၊ ကံသာရပ်ကွက်ရှိ ဒေါ်နန်းဟောင်၏ နေအိမ်ဝင်းတွင် သတ္တုတူးဖော် သည့်လုပ်ငန်းလုပ်ကိုင်နေကြပြီး ၂ ဦးမှာ ခရီးသွားခိုက်နှင့် ကြုံကြိုက်၍ လွတ်မြောက်သွားသည်ဟု ဆိုသည်။
နီးစပ်သူ အမျိုးသားတစ်ဦးက “သူတို့က ကျားဖြန်တော့ မဟုတ်ဘူး။ သတ္တုတူးတာနဲ့ ဝယ်တာ။ ဒေါ်နန်းဟောင်က တော့ တောင်ပိုင်းနမ့်စန်က တရုတ်မ။ ဘော်ဆိုင်းမှာ အခြေချပြီးတော့မှသတ္တုလုပ်ငန်း လာလုပ်နေတာ။ သူတို့ က အထောက်ကအထားက ပြည့်စုံတယ်ဆိုပေမယ့် သတ်မှတ်တဲ့နေရာမှာ မနေလို့ဆိုပြီး ဖမ်းခံရတာ။ ဒါပေမယ့် လဝကက ပိုက်ဆံယူထားတယ်။ ရဲက ပိုက်ဆံမရလို့ဆိုပြီး ဝင်ဖမ်းတာ” ဟု ပြောသည်။
အလားတူ ထိုရက်အတောတွင်း တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာနေ တရုတ်နိုင်ငံသား တစ်ဦးကို လည်း ဘော်ဆိုင်းမြို့တွင် သတ္တုတူးဖော်နေစဉ် ထပ်မံ ဖမ်းဆီးနိုင်ခဲ့ပြီး တရားမဝင် ဝင်ရောက်လာသည့် တရုတ် နိုင်ငံသား ၂ ဦးအား ဟဲဟိုးလေဆိပ်မှ တဆင့် ရန်ကုန်၊ မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြည်နှင်ဒဏ် ပေးရန် ပို့ဆောင်လိုက်သည်ဟု ဆိုသည်။
ဘော်ဆိုင်းမြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှ စတင်၍ တရားမဝင် ရောက် ရှိလာသည့် တရုတ်နိုင်ငံသားများမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန(လဝက)နှင့် ရဲတပ်ဖွဲ့အား လာဘ်ပေး လာဘ်ယူကာ သတ္တု တူးဖော်နေကြခြင်း ဖြစ်သည်။
လာဘ်မပေးသူများမှာမူ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ မကြာခဏ ဖမ်းဆီးမှုများ ကြုံခဲ့ရသည်ဟု ဆိုသည်။
ဘော်ဆိုင်း သတ္တုတွင်းနှင့် နီးစပ်သူ တစ်ဦးက “ဘော်ဆိုင်းမှာက လာလုပ်တဲ့သူတွေ ဘယ်တရုတ် ဘယ်တရုတ်ဆို တာ ဒေသခံတွေ အားလုံး သိတယ်။ ရဲနဲ့ လဝက ဆိုပိုသိတယ်။ သူတို့က တောင်းစားနေကျမလို့။ အဲ့ဒါကို လဝက က ပိုက်ဆံယူထားတော့ ပြဿနာမရှိဘူး။ ရဲတခုကျန်နေတော့ ရဲက ပိုက်ဆံမရတော့ ဝင်ဖမ်းလိုက်တာ။ ဒေသခံ လက်လုပ်လက်စားတွေက တူးတယ်။ ကုမ္မဏီမှာ ရောင်းတယ်။ ဒေသခံဆီမှာလည်း အခွန် ကောက်တယ်၊ စစ် သားလည်း ကောက်တယ်။ အုပ်ချုပ်ရေးမှူးနဲ့ ရဲလည်းကောက်တယ်။ လစဉ်ပုံမှန် ကောက်တယ်။ ကြိုကြား ကြိုကြားလည်း ကောက်တယ်” ဟု ပြောသည်။
၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း ဒေါ်နန်းဟောင်၏ နေအိမ်ခြံဝင်း၌ ခဲသတ္တုတူးဖော်နေသည့် အမျိုးသား ၃ ဦး တွင်းထဲချော်ကြ၍ အောက်ဆီဂျင်ပြတ်ကာ သေဆုံးခဲ့သော်လည်း ရဲတပ်ဖွဲ့အား လာဘ်ပေးပြီး အမှု ပိတ်ခဲ့ဖူးသည်ဟု မြို့နေပြည်သူများက ပြောသည်။
ဘော်ဆိုင်းမြို့တွင် သတ္တုတူးဖော်နေသူများမှာ ခရိုနီ လူနည်းစုနှင့် တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား အများစုဖြစ်၍ ၎င်းတို့သီးသန့်သာ အကျိုးအမြတ် ရရှိနေပြီး ဒေသခံများအတွက် နေ့စားအလုပ်ကြမ်း လုပ်ကိုင် ခွင့် ရရှိရုံမှအပ တစ်စုံတစ်ရာ အကျိုးအမြတ်မရှိဘူးဟု ဆိုကြသည်။
ဓါတ်ပုံ – သတ္ထုတူးဖော်သည့် လုပ်ငန်းခွင် တစ်နေရာမှပုံ