ဝိုင်းမော်-လိုင်ဇာ-ဗန်းမော် လမ်းကြောကို KIA ထိန်းချုပ်နိုင်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်။ 

စစ်ရေးဗျူဟာအရ အရေးပါသည့် စစ်ကောင်စီတပ်၏ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်းကို သိမ်းပိုက် လိုက် နိုင်သည့် အတွက် မြစ်ကြီးနား-ဗန်းမော်ကားလမ်းတလျောက်တွင် ဝိုင်းမော်-လိုင်ဇာ-ဗန်းမော် ကားလမ်းပိုင်းကို ထိန်းချုပ်နိုင်ပြီဟု ကချင်လွတ်လပ်ရေး အဖွဲ့ KIO က ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အဲဒီ တကြောက တပ်စခန်းကတော့ ရွှေညောင်ပင်က ၃၂၁ စခန်းတော့ မနေ့က ၈ နာရီ ဝန်ကျင်လောက်မှာ အကုန်လုံး အပြီးအစီး သိမ်းပိုက်လိုက်ပါပြီ။ အဲ့ဒါတစ်ကြောင်းရှိတယ်။ နောက် လုံဇက်ကောင်စခန်းလည်း သိမ်းတာ ကြာပါပြီ။ နောက် ကဇူးယန်တပ်စခန်းလည်း သိမ်းတာကြာပါပြီ။ အခုတော့ ဝိုင်းမော်ကနေ လိုင်ဇာ ကားလမ်း တစ်ကြော မှာတော့ စကစ တပ်စခန်းကတော့ မရှိတော့ဘူးဖြစ်နေတာ။  ဝိုင်းမော်ကနေ ဗန်းမော် အထိပေါ့နော် သွားတဲ့ ကားလမ်း ပေါ် မှာက သူတို့ တပ်စခန်းတွေ မရှိတော့ပါဘူး ဟု ပြောသည်။

ဝိုင်းမော်မြို့ အထွက်တွင်ရှိပြီး ရွှေညောင်ပင်ရွာတွင် အခြေစိုက်ထားသည့် ခလရ ၃၂၁ တပ်စခန်းကို KIA နှင့် ပူး ပေါင်းတပ်များက မေလ ၂၁ ရက်နေ့ (ယမန်နေ့) ည ၈ နာရီအချိန်ခန့်က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်ဟု KIO/KIA က ပြောသည်။ 

အဆိုပါ တပ်စခန်းသည် မြစ်ကြီးနား – ဗန်းမော် ကားလမ်းတကြောကို လုံခြုံရေးယူထားသည့် စစ်ဆေးရေး ဂိတ် ဖြစ်သည့်အပြင် စစ်ရေးအရ ဗျူဟာမြောက် စခန်းတစ်ခုလည်း ဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

၎င်းက ဝိုင်းမော်မြို့ရဲ့ လုံခြုံရေးယူထားတဲ့ စခန်းလည်း ဖြစ်ပါတယ်။ နောက် မြစ်ကြီးနား-ဗန်းမော် ကား လမ်း လုံခြုံရေး ယူထားတဲ့ ဂိတ်ကြီးပေါ့နော်။ ပြည်သူလူထုကို စစ်ဆေးတဲ့ ဂိတ်ကြီးလည်း ဖြစ်ပါတယ်။ ဒီ အရှေ့ဖက်ခြမ်းဖက်ကို တက်လာတဲ့ ကားတွေ အကုန်လုံး အဲ့ဒီမှာ စစ်ဆေးပြီးမှပဲ ပြေးဆွဲလို့ရတဲ့ ဂိတ်တစ်ခု ဖြစ်ပါတယ်။ ဆိုတော့ အဲဒီဂိတ်ကတော့ တော်တော်အရေးကြီးတဲ့ ဗျူဟာမြောက်ပဲ။ ဂိတ်တစ်ခု တပ်စခန်း တစ်ခုဖြစ်ပါတယ်။ အဲဒီ ၃၂၁ ကနေ ဝိုင်းမော်အထိကတော့ တခြားစခန်းတွေလည်း မရှိတော့ဘူး။ အဲကြောင့် ဗျူဟာမြောက်တဲ့ စခန်းကတော့ ၃၂၁ ရွှေညောင်ပင်ပဲ ဖြစ်ပါတယ် ဟု ပြောသည်။

ရွှေညောင်ပင် ခလရ ၃၂၁ စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်က လေကြောင်းပစ်ကူ၊ အတွဲလိုက်ဒုံး များနှင့် လက်နက်ကြီး ပစ်ကူများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့သည်ဟု KIO/KIA က ပြောသည်။

အဆိုပါ ခလရ ၃၂၁ စခန်းအား ပေးလိုက်ရသည့်နောက် ညသန်းခေါင်အချိန်ခန့်တွင် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့အား လေကြောင်းမှ ဗုံးကြဲမှုများ ဆက်လုပ်ဆောင်ခဲ့သည်။

ကချင်ပြည်နယ်ရှိ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ မြို့နယ်များတွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမားမှုများနှင့် အတူ တိုက်ပွဲများ ပြင်းထန်စွာ ဆက် လက် ဖြစ်ပွားနေသည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီဖက်မှ လက်ရှိ အချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။