အိမ်စီးကား တစ်စီးအတွင်းလိုက်ပါလာသော စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်။
ထားဝယ်မြို့နယ်ထဲ စစ်ကောင်စီတပ်ရင်းမှ ထွက်လာသည့် အိမ်စီးကားပစ်ခတ်ခံရပြီး ဗိုလ်ကြီးတစ်ဦး သေဆုံး သွားသည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ အနီးရှိ ရေဖြူအခြေစိုက် စစ်ကောင်စီတပ်ရင်းမှ ထွက်ခွာလာသည့် အိမ်စီးကားတစ်စီးကို ပစ်ခတ်ခဲ့ခြင်းကြောင့် ဗိုလ်ကြီးတစ်ဦး သေဆုံးသွားသည်ဟု YPPDF အဖွဲ့ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
YPPDF အဖွဲ့ တာဝန်ရှိသူက “ကားပေါ်မှာ ဗိုလ်ကြီးဇင်ဝင့်အောင်ရဲ့ ဇနီးဖြစ်သူနဲ့ ကလေးငယ်နှစ်ဦးလည်း လိုက် ပါ လာသေးတယ်။ သူတို့ကိုတော့ စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်” ဟု ပြောသည်။
ဇွန်လ ၁ ရက်နေ့၊ နံနက် ၁၁ နာရီခွဲ အချိန်ခန့်က ရေဖြူအခြေစိုက် ခမရ – ၄၀၇ တပ်ရင်းမှ ထွက်ခွာလာသည့် အိမ်စီးကားကို သတင်းအရ စောင့်ဆိုင်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုကို ထားဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် DNLA နှင့် ရေဖြူပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – YPPDF တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်ခံရမှုကြောင့် ကားပေါ်ပါလာသည့် စစ်ကောင်စီ ဗိုလ်ကြီး ဇင်ဝင့်အောင် နေရာတွင် ပွဲချင်းပြီး သေဆုံးသွား သည်ဟု YPPDF အဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နေ့လယ်ပိုင်းတွင် မောင်မယ်ရှောင်ကျေးရွာအတွင်း ရောက်ရှိလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရွာအနီးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့သေး ကြောင်း ရွာသားများက ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်သားများက ရွာသားများနှင့် လမ်းသွားလမ်းလာများကို ခေါ်ယူစစ်ဆေးခြင်းများလည်း လုပ်ဆောင်ခဲ့သေးသည်ဟု ရွာသားများက ဆိုသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၂ ရက်နေ့၊ မွန်းတည့်ပိုင်းအချိန်ထိ မောင်မယ်ရှောင် ကျေးရွာအတွင်း ရှိနေ ပြီး လက်နက်ကြီး၊ လက်နက်ငယ်များသုံး၍ ပစ်ခတ်မှုများကြောင့် ရွာသားအများစုမှာ ဘေးလွတ်နိုင်သည့် နီးစပ် ရာနေရာများဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။