လားရှိုးတွင် စစ်ကောင်စီနဲ့ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး ခရီးသည်များထံမှ ငွေတောင်းခံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်။
ရှမ်းမြောက်ဒေသ လားရှိုးမြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့က ပူပေါင်းပြီး ဒေသခံခရီးသွား ပြည်သူ များထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းခံမှုများ လုပ်နေသည်ဟု ခရီးသွားများက ပြောသည်။
မေလ တတိယပတ်က စတင်ပြီး ယခု ဇွန်လ ပထမပတ်အထိ လားရှိုးမြို့အဝင်နှင့် လားရှိုးမြို့တွင်း ဖြတ်သန်းသွား လာနေသူ ဒေသခံခရီးသွားပြည်သူများထံမှ ငွေကြေးတောင်းခံမှုများ လုပ်နေခြင်း ဖြစ်သည်။
မူဆယ်-မန္တလေး ခရီးသွားတစ်ဦးက “မြို့အဝင်ဂိတ်မှာလည်း မထင်ရင်မထင်သလို တောင်းတယ်။ ကားတိုင်းကို တားတယ်၊ စစ်တယ်၊ ပြီးရင် ပိုက်ဆံတောင်းတယ်။ ကားပေါ်မှာ ဘာတွေပါလဲ၊ တရုတ်ပစ္စည်းလား၊ တရုတ်ပိုက် ဆံလား အကုန်စစ်တယ် အဲ့ဒါတွေ ပါရင်လည်း ပိုက်ဆံတောင်းတယ်။ ဒဏ်ရိုက်တယ်။ နောက်ပြီး ကားလိုင်စင်၊ ယာဉ်မောင်းလိုင်စင် အကုန်စစ်၊ မှတ်ပုံတင် အကုန်စစ်၊ မှတ်ပုံတင်က စာသားတွေ မွဲနေရင်လည်း အတုပဲ၊ ခဏ ဆင်း ဘာညာအကြောင်းပြ စစ်၊ ပြီးရင် ပိုက်ဆံတောင်း။ အဲ့လိုမျိုးတွေလုပ်တယ်” ဟု ပြောသည်။
မေလ ၁၇ ရက်နေ့ကလည်း နမ့်ခမ်းမြို့ဘက်မှ ကားစီးလာသည့် ဒေသခံများကို လားရှိုးအဝင်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးချိန် တရုတ်ငွေ ယွမ် ၁၀၀၀ တွေ့ရှိခဲ့ရာ တရားမဝင်ငွေများဟု ဆိုကာ သိမ်း သွားသည်ဟု ဖြစ်စဉ်ကို သိသော အမျိုးသားတစ်ဦးက ပြောသည်။
“အဲ့လူတွေက ၁၆ ရက်ကတည်းက နမ့်ခမ်းကနေလာတာ။ လမ်းမှာ တစ်ညအိပ်ပြီး မနက်ရောက်တော့ လာရှိုးမြို့ ထဲကို ဝင်တဲ့အချိန် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သူတို့ရဲ့ ကျောပိုးအိတ်တွေ အဝတ်အိတ်တွေ စစ်ဆေးတာ တရုတ်ငွေတွေ့တော့ ယူသွားတာ။ အဲ့ဒီနောက် သူတို့ကို ပြန်လွှတ်ပေးတယ်။”
အလားတူ အဆိုပါ စစ်ဆေးရေးဂိတ်၌ပင် ထိုနေ့ မေလ ၁၇ ရက်နေ့က ကားစီးလာသည့် ခရီးသွား အမျိုးသမီးထံမှလည်း တရုတ်ငွေ ယွမ် ၁၀၀၀ တွေ့ခဲ့ရာ စစ်ဆေးမှုများ လုပ်ပြီးနောက် အဆိုပါငွေကို သိမ်းသွားခဲ့သည်။
ထို့အပြင် မေလ တတိယပတ်ထဲ၌ပင် လားရှိုးမြို့မှ မယ်ဟန်ကျေးရွာဘက်ကို ဆိုင်ကယ်နှင့်သွားသည့် လူငယ် ၃ ဦးအား စစ်ဆေးပြီးနောက် ဆိုင်ကယ်လိုင်စင်မပါမှု၊ တားမြစ်ထားသည့် လမ်းမှသွားသည့်အတွက် လမ်းမှားသည်ဟု ဆိုကာ ငွေကျပ် ၆ သိန်းတောင်းခံခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ်၌ ကိုယ်တိုင်ကြုံခဲ့သူ အမျိုးသားတစ်ဦးက “ကျနော်တို့ ၃ ယောက်က လားရှိုးကနေ မယ်ဟန် ဘက်ကိုသွားဖို့ လမ်းမှားသွားတာ။ သူတို့အဖွဲ့က ကျနော်တို့ကို ဖမ်းထားပြီးတော့ လိုင်စင်မေးတယ်။ လမ်းမှား တယ်ပြောလိုက် လိုင်စင်မပါဘူးလို့ ပြောလိုက် ရစ်နေတာ။ လိုင်စင်မပါရင် ဆိုင်ကယ်ယူထားမယ်တဲ့ ကျနော် လည်း သူ့ကို သော့မပေးဘူး။ အဲ့ဆို ဒဏ်ငွေရိုက်မယ်တဲ့။ ကျနော်ဖုန်းကို ယူထားတာ။ ပိုက်ဆံ ၆ သိန်းယူလာပြီး ဖုန်းလာထုတ်လိုက်တဲ့။ မရှိဘူးပြောတော့ ၄ သိန်းပေးတဲ့။ ၃ ယောက်စလုံးပေါင်းမှ ၃ သိန်းကျော်ဘဲရှိတာလို့ ပြောလိုက်တာ နောက်ဆုံးတော့ အဲ့ဒါ အကုန်ပေးလိုက်ရတယ်” ဟု ပြောသည်။
ယခု လားရှိုးမြို့တွင်းနှင့် မြို့အဝင်နေရာတို့၌ အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းခံနေသူများမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ ဖြစ်သည်ဟု လားရှိုးမြို့ခံများက ပြောသည်။
လားရှိုးမြို့ခံ တစ်ဦးက “အခုဆို စစ်ဆေးနေတာ မပါလို့မဖြစ်ဘူး။ တစ်ခုမပါရင် သူတို့ တောင်းသလောက် ပေးရ တယ်။ ဆိုင်ကယ်တွေဆို ၅ သောင်း ၁ သိန်းပေးရတာ။ ကားဆိုရင် သိန်း ၃၀ အထိ တောင်းတယ်” ဟု ပြော သည်။
မေလ တတိယပတ်မှ စတင်၍ ယနေ့ ဇွန်လ ၃ ရက်နေ့အထိ လားရှိုးမြို့တွင် ဆိုင်ကယ်ဦးထုတ်၊ နံပါတ်ပြား၊ လိုင်စင်၊ ဘတ်မှန်၊ ထောက်ခံစာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်ပြီးစစ်ဆေးနေသည်ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင်လည်း လားရှိုးမြို့ထဲတွင် ရပ်ကွက် ထောက်ခံချက်စာ ကတ်ပြား မပါသည့် ကားများကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဓါတ်ပုံ – ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်