မြေရှားလုပ်ကွက်ပြိုကျမှု အယောက် ၂၀ ကျော် ပျောက်ဆုံး၊ ၅ လောင်းသာတွေ့
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်။
ကချင်ပြည်နယ် ပန်ဝါမြို့နယ်ရှိ ဇုန်လန်ကျေးရွာ အနောက်ဘက်တွင် ရှိသည့် မြေရှားသတ္တုတူးဖော်ရေး လုပ် ကွက် ပြိုကျပြီး တရုတ်နိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၂၀ ကျော် သေဆုံးခဲ့သည်။
ဇွန်လ ၅ ရက်နေ့အထိ အလောင်း ၅ လောင်းသာ ရှာတွေ့သေးကြောင်း မြေရှားတူးဖော်ရေးတွင် လုပ်ကိုင်နေသူ များက ပြောသည်။
မြေရှားတူးဖော်ရေးတွင် လုပ်ကိုင်နေသူ တစ်ဦးက “တောင်ပြိုတာလို့ ပြောတယ်။ ဇုန်လန်ရွာနောက်ဘက်မှာ ဟုတ်တယ်။ အတိအကျ မသိသေးဘူး။ ၂၀ ဝန်းကျင် လောက် ဖြစ်မယ်။ တရုတ်နိုင်ငံသား အလုပ်သမား ခေါင်း ဆောင်တွေကော ပါတယ် ပြောတယ်။ တချို့က ၅ လောင်း တွေ့တယ်လို့ ပြောတယ် ဒီနေ့တွေ့တာ အလောင်း က” ဟု ပြောသည်။
ထိုမြေရှားသတ္တုတွင်း တောင်ပြိုမှုသည် ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို ရှာတွေ့သည့် တရုတ်နိုင်ငံသား ၂ ဦး၏ အလောင်းအား ၎င်းတို့၏ နိုင်ငံသို့ ပြန်ပို့လိုက်ပြီဖြစ် ကြောင်း မြေရှားတူးဖော်မှုတွင် လုပ်ကိုင်နေသူများက ဆိုသည်။
အလောင်းရှာရာတွင် ပါဝင်သူ တစ်ဦးက “မနေ့က ဖြစ်တာပေါ့ မနက်ပိုင်းလို့ ပြောတယ်။ မြေကြီးပြိုတာပေါ့ ၂၀ အထက်လို့ ပြောတယ်။ တရုတ်က ၄ ယောက် ဘတ်ဟိုးတွေလည်း ပါတယ်။ ဈေးသည်မလည်း ပါတယ်။ မိန်းကလေးပါတယ်။ မြန်မာနိုင်ငံသားကလည်း ၂၀ ထက်မလျော့ဘူး၊ ကျနော်တို့နဲ့ နည်းနည်းဝေးတယ်။ မိုး တွင်းကျရင် ခဏခဏပြိုတယ်။ တရုတ် ၂ လောင်းတွေ့တယ်။ ၂ လောင်းက မတွေ့သေးဘူး။ အလောင်းက တရုတ်ကိုပို့လိုက်ပြီ” ဟု ပြောသည်။
ယခုဖြစ်ပွားခဲ့သည့် ပြိုကျမှုမှာ မြေရှားသတ္တုတူးဖော်ရန်အတွက် တောင်တစ်တောင်လုံးအား ကျင်းတူးပြီး ရေ ထည့်ထားသည့် နေရာမှ ပြိုခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့သော တောင်ပြိုမှုသည် မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ရေထည့်တဲ့ တောင်ပြိုတာ ဖြစ်မယ်။ မိုးရွာတာလည်း ပါတယ်။ တောင်မှာ မြေရှားသတ္တု ထုတ်တာလေ။ တောင်ပေါ်မှာ ကျင်းတူးပြီး ရေထည့်ရတယ်။ အဲ့ရေထည့်တဲ့တောင်က ခဏခဏ ပြိုတတ် တယ်။ အခုပြိုတဲ့ အလုပ်ဆိုက် အမှတ် ၃ နဲ့ နီးတယ်။ မိုးတွင်းဆို မြေပြိုတာများတယ်။ အရင်လလည်း ဆိတ်ခြံ ဘက်က ဆိုက်မှာ မြေပြိုလို့ ၂ ယောက်သေတယ် ကြားတယ်” ဟု ပြောသည်။
မြေရှားသတ္တုတူးဖော်သည့် တရုတ်လုပ်ငန်းရှင်များကမူ လက်ရှိ မြေပြိုကျမှုနှင့် ပတ်သက်၍ သတင်းပေါက် ကြားမှုများ မဖြစ်ရလေအောင် ပိတ်ပင်တားမြစ်ထားကြသည်ဟု ဆိုသည်။
မြေရှားသတ္တုတူးဖော်မှုများကို ကချင်ပြည်နယ်ဈ အထူးဒေသ ၁၊ ချီဖွေမြို့နယ်ရှိ ပန်ဝါမြို့ အနီးပတ်ဝန်းကျင်တွင် တူးဖော်နေကြပြီး သတ္တုတူးဖော်မှု ဆိုက်ပေါင်း ၃၀၀ ကျော်ရှိကြောင်း Global Witness အဖွဲ့ ကထုတ်ပြန် ထား သည်။