အိမ်ရှေ့ပြင် စာသင်ကျောင်းဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်သေဆုံးသူများရှိ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်။
ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ် ရာရသူ နှစ်ဆယ်ဦးခန့်နှင့် သေဆုံးသူများလည်းရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။
ဇွန်လ ၄ ရက်နေ့၊ မွန်းလွှဲ ၁၂ နာရီခွဲ အချိန်ခန့်က ကျောင်းသား၊ ကျောင်းသူများ နေ့လည်ထမင်းစား ဆင်းချိန်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ပေါက်ကွဲမှုကြောင့် ကလေးငယ် နှစ်ဆယ်ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး သေဆုံးသွားသူ သုံးဦး ရှိသည်ဟု မြို့ခံများက ဆိုသည်။
အိမ်ရှေ့ပြင် ရပ်ကွက်တွင် နေထိုင်သူအသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက “ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ ကစားနေတဲ့ အချိန် ထပေါက်တာလို့ပဲ သိရတယ်။ ကလေးတွေ ထိခိုက် ဒဏ်ရာရသူတွေက အရမ်းများတယ်။ အရေးပေါ် ကားတွေအများကြီးနဲ့ သေသွားတဲ့ သူတွေရော လူနာတွေရော လာသယ်ပေးကြ ပါတယ်” ဟု ပြောသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို အရေးပေါ် လူနာတင်ယာဥ်များဖြင့် ထားဝယ် ဆေးရုံ ကြီးနှင့် တပ်နယ်ဆေးရုံသို့ သယ်ဆောင်ပေးခဲ့ကြသည်။
လက်ရှိအချိန်ထိ စာသင်ကျောင်းဝင်းအတွင်းနှင့် အပြင်ဘက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေပြီး လမ်းသွားလမ်းလာ ပြည်သူများကို ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်လျက် ရှိနေကြောင်း ဒေသခံများက ဆိုသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အိမ်ရှေ့ပြင်ရပ်ကွက် အခြေခံပညာ မူလတန်းစာသင်ကျောင်း အနီးပတ်လည် ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် စစ်ဆေးရေးဂိတ် ရှိနေသည့်အပြင် နေ့ရောညပါ အချိန် ပြည့် ကင်းပုန်းဝပ်နေသော နေရာလည်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။