စာသင်ကျောင်းတွင် ကျည်ဆံ ထည့်ထားသည့် သတိပေးစာ တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်။ 

ကျောင်းများ ပြန်ဖွင့်သည့် နေ့တွင် မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာအထက်တန်း ကျောင်းခွဲဝန်းအတွင်း သတိပေးစာ တစ်စောင်နှင့် ကျည်ခွံတစ်ခုကို တွေ့ရှိခဲ့သည်ဟု ကျောင်းသားမိဘများက ပြောသည်။

ကျောင်းများ စတင်ဖွင့်လှစ်ခဲ့သည့် မေလ ၃ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်ခန့်က ကျောက္ကားကျေးရွာရှိ အထက်တန်း ကျောင်းခွဲ ကျောင်းခန်းတစ်ခု၏ တံခါး ပေါက်ရှေ့တွင် သတိပေးသည့်စာနှင့် အတူ ကျည်ခွံတစ်ခုကို အတူတွဲလျက် ကျောင်းသားငယ်လေးများက တွေ့ရှိ ခဲ့ကြခြင်း ဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် ကျောင်းသားမိခင်တစ်ဦးက စာကတော့ သတိပေးထားတဲ့စာလို့ပဲ သိရတယ်။ ရွာက ပြည်သူ့စစ်တွေက သိမ်းသွားတယ်။ ကျောင်းက ဆက်ပြီး တက်ခိုင်းရမလား၊ မတက်ခိုင်းရဘူးလားဆိုတာ ခွဲလို့ မတတ်တော့ဘူး။ လက်ရှိမှာကျောင်းကို ဆရာမတွေလည်း မလာဘူး။ တံခါးပိတ်ထားတယ်ဟု ပြောသည်။

ထိုသို့တွေ့ရှိရပြီးသည့်နောက် ကျောက္ကာကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို သွားရောက် ခေါ်ယူခဲ့ပြီး ကျေးရွာအတွင်း လှည့်လည်စစ်ဆေး၍ ရှာဖွေခဲ့သေးကြောင်း ရွာသားများက ဆိုသည်။

ကျေးရွာခံ မဟုတ်သည့် ဆရာမများမှာလည်း ကြောက်လန့်စိုးရိမ်ကာ မြိတ်မြို့ပေါ်သို့ တက်ပြေးသူများလည်း ရှိနေကြောင်း ဆိုသည်။

အလားတူ ကျောင်းသားမိဘများလည်း ကလေးများ၏ လုံခြုံရေးအတွက် စိုးရိမ်နေကြသည်။

ထို့အပြင် ကျောင်းအုပ်ဆရာမကြီးကလည်း ပုလောဇာတိဖြစ်ပြီး လူကိုယ်တိုင် ကျောင်းသို့ တက်ရောက်လာခြင်း မရှိဘဲ လက်ထောက် ကျောင်းအုပ်ဆရာမ ဒေါ်ယုအင် ဆီသို့ အဝေးမှသာ ညွှန်ကြားမှုများဖြင့် စေခိုင်းလျက်ရှိနေ သည်ဟု ရွာသားများက ဆိုကြသည်။

ကျောက္ကာကျေးရွာသည် ပင်လယ်ရေ လုပ်ငန်းကို အဓိက အသက်မွေးဝမ်းကြောင်းကြသူ များပြားစွာ နေထိုင်ကြ ပြီး အမှတ် ၁၊ ၂၊ ၃၊ ၄ ဟူ၍ ရပ်ကွက် ၄ ခု ခွဲထားသည်။

အဆိုပါ ကျောက္ကာကျေးရွာတွင် အိမ်ထောင်စု ၈၀၀ ကျော်ခန့်ရှိပြီး လူဦးရေ ၄၅၀၀ နီးပါးနေထိုင်သည့် ကျွန်းပေါ် က ကျေးရွာတစ်ရွာလည်း ဖြစ်သည်။

ကျောက္ကာကျေးရွာ အနီးဝန်းကျင်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလဆန်းပိုင်းက ကုန်းကြောင်း နှင့် ရေ ကြောင်းတွင်ပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပြီးနောက် ငါးဖမ်း လှေငယ်များကို စစ်တပ်ဘက်က ပိတ်ခဲ့ပြီး တစ်လခန့်အကြာတွင် နယ်မြ အကန့်အသတ်နှင့် ပင်လယ် ထွက်ခွင့် ပြန်ပေးခဲ့ကြောင်း ရွာသားများက ဆိုသည်။