လွိုင်ကော် အကျဉ်းသားများ ကျန်းမာရေး အခြေအနေ ဆိုးရွားနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်။
ကရင်နီပြည်၊ လွိုင်ကော် အကျဉ်းထောင်က အကျဉ်းသားများ တစ်လေးလုံး စစ်ဆင်ရေးနောက်ပိုင်း ဆေးကုသ ခွင့်များ အရင်ထက် ပိုမိုဆုံးရှုံးလာ၍ ကျန်းမာရေးအခြေအနေများ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာသည်ဟု အကျဉ်း သားများကို အကူအညီပေးနေသူများက ပြောသည်။
ကရင်နီပြည်၊ လွိုင်ကော်အကျဉ်းထောင်ထဲက အကျဉ်းသားများက ဆေးကုသခွင့် လုံလုံလောက်လောက် မရတော့သည့်အပြင် အာဟာရလည်း လုံလုံလောက်လောက် မရဖြစ်နေကြသည်။
တစ်လေးလုံး စစ်ဆင်ရေးနောက်ပိုင်း မြေပြင်က စစ်ရေးအခြေအနေ၊ လုံခြုံရေး အခြေအနေအပြင် ထောင်အနီး ဝန်းကျင်၌လည်း ကရင်နီတောင်လှန်ရေး တပ်ဖွဲ့များက ယနေ့အချိန်ထိ တပ်စွဲနေရာယူထား၍ ရိက္ခာနှင့် ဆေးဝါး ပို့သည့် လမ်းကြောင်းများ ပိတ်ကုန်သည်ဟု ကရင်နီနိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး KPPA တာဝန်ရှိသူ များက ပြောသည်။
အကျဉ်းသားများသည် အာဟာရလုံလုံလောက်လောက်မရသည့်အပြင် ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဝါး ကုသမှုများလည်း ကောင်းကောင်း မွန်မွန်မရကြသည့်အတွက် နောက်ဆက်တွဲ ရောဂါဖြစ်ပွားမှုများ ပိုများလာပြီး ဆေးရုံကြီးမှာ သွားကုသရသည့် အခြေအနေထိ ဖြစ်လာသည်ဟု KPPA တာဝန်ရှိသူ ကိုထားဖိုးက ပြောသည်။
“အခုနောက်ပိုင်းက ရောဂါတွေ ပိုဖြစ်လာတယ်ပေါ့နော်။ အောက်ပိုင်းချိနဲ့တဲ့ ရောဂါ၊ ဝမ်းဗိုက်ရောဂါ ဒါတွေ ဖြစ်တယ်။ ပြီးရင် ကျန်းမာရေးဆိုးဝါးတဲ့အတွက် ဆေးရုံပို့ထားတဲ့ အကျဉ်းသားတွေလည်း ရှိတယ်။ ဆေးဝါး မလုံလောက်တော့ အခြေအနေ အရမ်းဆိုးရွားမှ လာကြည့်ပေးတဲ့ အခြေအနေတွေရှိတယ်။ ထူးထူးခြားခြား ဆိုးဆိုးရွားရွား မဖြစ်သေးရင် ဆရာဝန်က လာကြည့်မှာမဟုတ်ဘူး။ ဆေးတွေကလည်း ပေးမှာ မဟုတ်ဘူးပေါ့ နော်။ ဒီလိုအခြေနေတွေ ရှိတယ်။”
လွိုင်ကော်အကျဉ်းထောင် အတွင်း ရှိနေသည့် အကျဉ်းသား အယောက် ၅၀၀ ကျော်အတွက် ဆရာဝန် တစ်ဦးပဲ ရှိနေ၍ ကျန်းမာရေး စောင့်ရှောက်မှုက ထိထိရောက်ရောက် မပေးနိုင်ဘူးဟုလည်း လွိုင်ကော်ထောင်က ပြန် လည်လွတ်မြောက်လာသူ အကျဉ်းသားတစ်ဦးက ပြောသည်။
“ဆေးတွေတော့ရှိတယ် ဒါပေမယ့် ထုတ်မသုံးတာ။ အရင် ဆရာဝန်တစ်ယောက်ကတော့ အဆင်ပြေတယ်။ နောက်ရောက်လာတဲ့ တစ်ယောက်က ဘယ်သူနဲ့မှကို အဆင်မပြေဘူး။ သူက တစ်ခုခုဖြစ်ရင်လည်း လာ မကြည့် ပေးဘူး။ တိုက်ပွဲဖြစ်တဲ့ နောက်ပိုင်းဆို ပိုတောင်ဆိုးလာတာ။”
စစ်တပ်က အာဏာသိမ်းလိုက်သည့် နောက်ပိုင်း သုံးနှစ်ကျော်ကာလအတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုံ လောက်စွာ မရကြသလို ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခြင်း၊ ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေ အနေ ပိုဆိုးရွာလာခြင်းကြောင့် အကျဉ်းသားများမှာ စိတ်ကျရောဂါကြောင့် သေဆုံးသွားသူ ၇ ဦးထိ ရှိလာသည် ဟု ပြန်လွှတ်လာသူက ဆက်ပြောသည်။
“နှစ်ရှည်ကျတာကြောင့်ရော တချို့က မိသားစုနဲ့ အဆက်အသွယ် ပြတ်တာတွေကြောင့် ပြီးတော့ မိန်းမက နောက်ယောက်ကျား ယူသွားလို့ရော အဲ့ဒါတွေကြောင့် စိတ်ဓာတ်ကျပြီး သေသွားတဲ့သူတွေရှိတယ်။ အားလုံးဆို ၇ ယောက်လောက်ရှိမယ်။ ယောက်ကျားလေးတွေပဲ။”
ဇွန်လ ၅ ရက်နေ့တွင်လည်း လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူ ၁ ဦး အပါအဝင် အကျဉ်းသား ၆ ဦး လွတ်မြောက်လာခဲ့သည်။ ယခု လွတ်လာသော အကျဉ်းသားများကို ကျန်းမာရေး ဆိုင်ရာ စစ်ဆေးမှုများ လုပ် ပေးနေသည်ဟု KPPA က ပြောသည်။
လွိုင်ကော် အကျဉ်းထောင်ထဲ ကျန်ရှိနေသေးသည့် အကျဉ်းသားများအတွက် ကျန်းမာရေး စောင်ရှောက်မှုနှင့် စားနပ်ရိက္ခာများ ပို့ပေးနိုင်ရေး အကျဉ်းသားအရေး ဆောင်ရွက်ပေးနေသည့် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းများ က ဝိုင်းဝန်းကူညီပေးကြရန် နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) က မေလ နောက်ဆုံးပတ်ထဲတွင် ထုတ်ပြန် တောင်းဆိုထားသည်။