ကရင်နီပြည်၏ အခြေအနေကို ထင်ထပ်စေသည့် ရုပ်ရှင်ကား ကရင်စစ်ရှောင်လူငယ်များက ရိုက်ကူးခဲ့
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်။
စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း ကရင်နီပြည်က အခြေအနေများကို ဖော်ပြမည့် Lose and Hope ရုပ်ရှင်ဇာတ်ကားကို စစ်ရှောင် ကရင်နီလူငယ်များက ရိုက်ကူးခဲ့ကြသည်။
Lose and Hope ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို ဇွန်လ ၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တစ်နေရာတွင် ပြုလုပ်ခဲ့ကြသည်။
ထိုရုပ်ရှင်ဇာတ်ကားမှာ ကရင်နီပြည်အတွင်း လက်နက်ကိုင် တော်လှန်ရေးလုပ်နေကြသည့် မြေပြင်က တော်လှန် ရေး ရဲဘော်များ၏ အခြေအနေ၊ စစ်ကောင်စီတပ်၏ ကရင်နီ ပြည်သူလူထုများအပေါ် ကျုးလွန်နေသော ရာဇ ဝတ်မှုများကို မီးမောင်းထိုးပြချင်သောကြောင့် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်ဟု ဒါရိုက်တာက ပြောသည်။
ဒါရိုက်တာ ဂျွန်မီယာက “ရဲဘော်တွေက ၃နှစ်ပြည့်ပြီးလို့ စစ်ရေးအတွေ့အကြုံ အရရော ပြီးတော့ စစ်မြေပြင် မှာ ရဲဘော်တစ်ယောက်ရဲ့ ခံစားချက် ပြီးရင် နာကျည်းမှုကစပေါ့နော်။ သူတို့ရဲ့အခက်ခဲက ဘာဖြစ်မလဲပေါ့ စစ် မြေပြင်မှာ လက်တွေ့ချပြ ပေးချင်တာပေါ့နော်။ ပြီးရင်နောက်တစ်ခုက စစ်ရှောင်ပြည်သူတွေရဲ့ အခက်အခဲ ပေါ့နော်။ နောက်တစ်ခု Highlight ကျနော်မီးမောင်းထိုးပြတာက ဒီစစ်ကောင်စီတွေရဲ့ ရက်စက် ယုတ်မာမှု တွေရယ် အကြမ်းဖက်မှုတွေကို ကျနော် ချပြပေးထားတာပေါ့နော်” ဟု ပြောသည်။
ကရင်နီပြည်တွင် စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေကြသော သူများထဲ လူငယ်များက အများဆုံး ဖြစ်သည်။ အဆိုပါ Lose and Hope ဇာတ်ကားမှ အဓိက အမျိုးသားသရုပ်ဆောင် အန်ထော်နီက ယခုကဲ့သို့ ပြောသည်။
“အခုလို ဒီလိုမျိုး ရုပ်ရှင်ပြသပြီးတော့မှ ကျနော်တို့ အနုပညာနဲ့ တော်လှန်တယ် ပေါ့နော်။ အဲ့ဒါကလည်း စစ် ကောင်စီကို ထိုးနက်နိုင်မယ့် ထိုးနက်ကြီးတစ်ခုပဲပေါ့နော်။ လက်နက်ကိုင်မှ တော်လှန်ရေးလုပ်တာ မဟုတ် ဘူးပေါ့နော်။”
နောင်လာမည့် အနာဂတ်မျိုးဆက်သစ်များကို အာဏာရှင်စနစ်အောက်မှ လွတ်မြောက်သွားအောင် လူငယ်များ က ၎င်းတို့၏ ဘဝများကို ပေးဆပ်ပြီး တိုက်ပွဲဝင်နေကြခြင်းကို ပြည်တွင်းပြည်ပက လူများကို သိစေချင်သည်ဟု ရုပ်ရှင်ဇာတ်ကား၏ အမျိုးသမီး သရုပ်ဆောင် ဒေးဒေးက ပြောသည်။
“ဒီရုပ်ရှင် ပြန်တွေ့လိုက်တိုင်းကိုယ့်ရဲ့ ကျရုံးသွားတဲ့ ရဲဘော်တွေကို သတိရစေတယ်။ နောက်တစ်ခုကတော့ နောင်အသစ် ပေါက်လာမယ့် လူငယ်လေးတွေ ပေါ့နော် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်ကို ကျနော်တို့က ဒီဟာ ကြီးကို ဆက်ပြီးမခံစားခိုင်းချင်တော့ဘူး ဆရာ။ ကျနော်တို့နဲ့ပဲ အဆုံးသတ် ပါရစေတော့ပေါ့ နော်။ ဒီလောက်ရဲ့ ပင်ပန်းဒဏ်က ကျနော်တို့လောက်နဲ့ပဲ အဆုံးသတ်ပြီးတော့ နောာက်ပွင့်လာမယ့် ပန်းတွေက အေးအေးချမ်းချမ်း နဲ့ ပွင့်ခိုင်းစေချင်လို့ပါ ဆရာ။”
လက်ရှိမှာတွင် Lose and Hope ရုပ်ရှင်ဇာတ်ကားကို မလေးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံတွင် ပြသပြီး ဖြစ်သည်။ အလားတူ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်လည်း ဇွန်လ ၉ ရက်နေ့၌ ပြသသွားမည် ဖြစ်သည်။
ထို ရုပ်ရှင်ဇာတ်ကားကြောင့် ကရင်နီပြည်တွင်းက အခြေအနေမှန်အား နိုင်ငံတကာကို ချပြခွင့်ရခြင်း ဖြစ်သည်ဟု Lose and Hope ရုပ်ရှင်အဖွဲ့သားများက ပြောသည်။
အဆိုပါ ဇာတ်ကားကို ကြည့်ပြီး ကရင်နီပြည်၏ လက်ရှိအခြေအနေများ၊ စစ်ရှောင်ပြည်သူများ၏ အခက်အခဲ များကို ပိုမိုနားလည်လာပြီး ကူညီပံ့ပိုးပေးချင်စိတ် ပိုဖြစ်လာကြသည်ဟု လာရောက်ကြည့်ရှုခဲ့သူများ က ပြော သည်။