IEC က တစ်နှစ်တာအတွင်း ကလေး ၇၀၀၀ ကို ကာကွယ်ဆေးထိုးပေးခဲ့

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဖွဲ့စည်းခြင်း တစ်နှစ်တာ ကာလအတွင်း ပြည်နယ်ထဲက ကလေးသူငယ်ပေါင်း အယောက် ၇၀၀၀ ကို ကာကွယ်ဆေးထိုးပေး နိုင်ခဲ့သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ် ရေးကောင်စီ IEC ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းသည့် တစ်နှစ်ပြည့် မိဘပြည်သူများဆီကို ပြောကြားသည့် မိန့်ခွန်းထဲတွင် IEC ဥက္ကဋ္ဌ ခူဦးရယ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ – ၂၀၂၄ ခုနှစ်အတွင်းမှာ ကရင်နီပြည် အဝန်းအဝိုင်းအတွင်း ကလေးသူငယ်ပေါင်း ၇၀၀၀ ကို ကာကွယ် ဆေး ၂ ကြိမ်ခွဲပြီး ထိုးနှံပေးနိုင်ခဲ့ပါတယ်။ ကျေးလက်နေ ပြည်သူတွေအနေနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေကို လက်လှမ်းမှီစေဖို့အတွက် ဆေးခန်းတွေကို တိုးချဲ့တာအပြင် နယ်လှည့်ဆေးကုမှု လုပ်ငန်းတွေကိုလည်း ဆောင် ရွက်လျက်ရှိပါတယ်။

ကလေးသူငယ်များအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ဆောင်နိုင်ခဲ့သည့်အပြင် သောင်းနှင့်ချီသော လူနာများ ကို ဆေးကုသမှုပေးနိုင်ခဲ့သည်ဟု ဆက်ပြောသည်။

ခူဦးရယ် က ကျန်းမာရေး ကဏ္ဍအနေနဲ့ ကျန်းမာရေးဌာနကို ဖွဲ့စည်းပြီး ကရင်နီပြည်အတွင်းမှာရှိတဲ့ ကျန်းမာ ရေး အစုအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး အခြေခံကျန်းမာရေး ဝန်ဆောင်မှုအပြင် ကုသရေးနဲ့ ကာကွယ်ရေး လုပ်ငန်း တွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တစ်နှစ်တာ ကာလအတွင်း ကရင်နီပြည်တစ်ဝှမ်းမှာ ဆေးခန်းပေါင်း ၆၀ ကျော်နဲ့ ပြည်သူ့ဆေးရုံ ၁ ရုံကို ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ ဆေးရုံဆေးခန်းကနေ ပြည်သူနဲ့ တော်လှန်ရေး ရဲဘော်ပေါင်း ငါးသောင်းကျော်ကို ကုသမှုပေးနိုင်ခဲ့ပါတယ် ဟု ပြောသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော မသန်စွမ်းပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များအတွက် ခြေတုတပ် ဆင်ပေးခြင်း၊ ခြေတုတပ်ဆင်ရေးဆိုင်ရာ အလုပ်ရုံနှင့် နည်းပညာဆိုင်ရာ သင်တန်းဖွင့်လှစ်မှုများအပြင် လစဉ် စားနပ်ရိက္ခာ ပံ့ပိုးမှုများကို ကျန်းမာရေးဌာနက ကြိုးပမ်း အကောင်အထည်ဖော်နေသည်ဟု IEC ဥက္ကဋ္ဌ ပြောသည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC အနေဖြင့် တစ်နှစ်တာ ကာလအတွင်း ကရင်နီပြည်နယ်ထဲ က မြို့နယ် ၈ မြို့နယ်၌ ကျန်းမာရေးဝန်ဆောင်မှုများအပြင် ပညာရေး၊ တရားဥပဒေစိုးမိုးရေး အစရှိသည့် အုပ် ချုပ်ရေး လုပ်ငန်းများနှင့် လူမှုကူ ညီရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်ခဲ့သည်ဟု IEC က ဆိုသည်။

ကရင်နီပြည်၏ အုပ်ချုပ်ရေးကို ပြည်နယ် ကြားကာလ အစီအမံနှင့်အညီ လက်တွေ့ အကောင်အထည်ဖော်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ဘဝလုံခြုံရေးနှင့် အခြားအခြေခံ လိုအပ်မှုများကို ပြန်လည်ဖြည့်ဆည်း ပေးရန်၊ ပြည်နယ် အတိုင်ပင်ခံကောင်စီ၏ လမ်းညွှန်ချက်နှင့် အညီ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်း ရေး ကာလ အစီအမံများကို စနစ်တကျ ချမှတ်ဖော်ဆောင်နိုင်ရန်  ပြည်နယ် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လူ့အခွင့်အရေး ဒီမိုကရေစီ အရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တစ်ခုအဖြစ် ပါဝင်နိုင်ရန်၊ ဖက်ဒရယ် ပြည်ထောင်စု အဖွဲ့ဝင် ပြည် နယ် တစ်ခု၏ ကျင့်သုံးရမည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အညီ အုပ်ချုပ်ရေးစနစ်ကို အစပျိုးပြီး လက်တွေ့ အကောင် အထည်ဖော်ရန် စသည့် အချက် ၅ ချက်နှင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ကို ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။

ဓါတ်ပုံ – Karenni Humanitarian Aid Initiative