မိသားစုပိုင် ရွှေဆိုင်အား ပြန်လုသူ ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်။
မြိတ်မြို့ ဆိပ်ငယ်ဈေးမှ ဟိုက်ပါဂရိတ်ရွှေဆိုင်တွင် ရွှေဆိုင်လုယက်သူ ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးသွားသည် ဟု မြို့ခံများက ပြောသည်။
ရွှေလုယက်သူမှာ ရွှေဆိုင်ပိုင်ရှင်၏ သားဖြစ်ပြီး ရွှေလုပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးချိန် စစ်ကောင်စီတပ်က အသေပစ်ခတ် ဖမ်းဆီးခဲ့သည်ဟု မြိတ်မြို့ခံများက ပြောသည်။
လုယက်ခဲ့သူမှာ အသက် ၄၀ နှစ်အရွယ် ဦးစိုးဝင်းမောင်ဆိုသူ ဖြစ်သည်။ ၎င်းမှာ ရွှေဆိုင်ပိုင်ရှင် ဦးအောင်သင်း မောင်၏ ဒုတိယသားဖြစ်ကာ ဇွန်လ ၆ ရက်နေ့၊ နံနက် ၇ နာရီခွဲ အချိန်ခန့်က ရွှေဆိုင်ကို လာရောက် ဖွင့်လှစ်နေ ချိန်တွင် လုယက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုင်အနီးဝန်းကျင်၌ ရှိနေသူများက ဆိုသည်။
ရွှေဆိုင်ဖွင့်ရန်အတွက် ယူဆောင်လာသည့် ရွှေထုပ်ကို လုယူသွားခြင်းဖြစ်ပြီး ပစ္စည်းတန်ဖိုး ကာလပေါက်စျေး ကျပ်သိန်း ၅ ထောင်ဝန်းကျင်ခန့် ရှိနိုင်နေကြောင်း ဆိုသည်။
မြင်တွေ့လိုက်ရသူ ရွှေဆိုင်အနီးမှ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက “သူ့လက်ထဲမှာ ပုဆိန်ကိုင်ထား ပြီး ဆိုင်ကယ်ခမောက် (ဦးထုပ်)ကို မှန်ချထားတယ်၊ ပြီးမှ ဆိုင်ရှင်ရဲ့မျက်နှာကို ငြုပ်သီးမှုန့်နဲ့ ပက်ပြီးဝင်လုတာ။ ဖအေလုပ်တဲ့ သူက ပြန်ဆွဲတာ ပုဆိန်နဲ့ ပြန်ရွယ်သေးတယ်။ ဘယ်သူမှ အနား မကပ်ရဲကြဘူး။ လက်ထဲ အထုပ်ရ ပြီး ပြီးချင်း ဆိုင်ကယ်နဲ့ အမြန်မောင်းပြီးထွက်သွားတာ” ဟု ပြောသည်။
ဦးစိုးဝင်းမောင်မှာ ယခင်ကတည်းက မူးယစ်ဆေးဝါး သုံးစွဲနေသူတစ်ဦး ဖြစ်ပြီး ဆေးသုံးစွဲခြင်းကြောင့် ထောင် လည်းကျခဲ့သူ ဖြစ်ကြောင်း၊ အိမ်ထောင်လည်း ရှိနေသည့် အပြင် ထိန်းသိမ်းမနိုင်တာကြောင့် မိဘကိုယ်တိုင် အချုပ်ထဲ ထည့်ခဲ့ရသေးကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။
ရွှေဆိုင်ပိုင်ရှင် ဦးအောင်သင်းမောင်မှ သားဖြစ်သူ၏ လုပ်ရပ်အား သက်ဆိုင်ရာသို့ အချိန်မှီ သတင်းပေးပို့ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
ရွှေထည်ပစ္စည်းများနှင့် အတူ ဆိုင်ကယ်မောင်းနှင်ပြီး ထွက်ပြေးသွားသည့် ဦးစိုးဝင်းမောင်ကို မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုရှိ ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးမခံဘဲ မောင်းပြေးခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်ဖြင့် လိုက်လံပစ်ခတ်ရာ ဓါတ်ဆီဆိုင်အနီး အသေပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း မြိတ် မြို့ခံများက ပြောသည်။
ယခုကဲ့သို့ ရွှေဆိုင်လုယက်မှု ဖြစ်ပွားခြင်းမှာ မြိတ်မြို့ပေါ်တွင် ပထမဆုံးအကြိမ် ကြုံဖူးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း တွင် ရွှေဆိုင်များ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ ရှိလာနိုင်သည်ဟု ဆိပ်ငယ်စျေးအတွင်းရှိ ရွှေဆိုင်လုပ်ငန်း ပိုင်ရှင်များက ပြောဆိုနေကြသည်။
မြိတ်မြို့တွင် စစ်အာဏာသိမ်းထားသည့် ၃ နှစ်တာ ကာလအတွင်း ခိုးဆိုးလုယက်မှုများ ပေါများလာနေပြီး နေ့ခင်းကြောင်တောင် နေအိမ်ပေါ်အထိပင် ဝင်ရောက်ခိုးယူသူနှင့် လုယက်သူများလည်း ရှိနေသည်ဟု မြို့ခံများက ပြော သည်။