လက်နက်ကြီးကြောင့် တနင်္သာရီမြို့နယ်ထဲက မော်တုန်းရွာသားတစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်။

စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာမှ ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ရွာသားများက ပြောသည်။

ဇွန်လ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်ခန့်က ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တစ်ခုမှ မော်တုန်းကျေးရွာ အခြေ စိုက် အမတ – ၃၀၆ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက် အနီးနားရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အမတ – ၃၀၆ တပ်ရင်း အတွင်းမှ လက်နက်ကြီးဖြင့် ၆ ကြိမ်ပစ်ခတ်ခဲ့ပြီးနောက်  အနောက်မော်တုန်းကျေးရွာ ထဲသို့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ပစ်ခတ်လိုက်သည့်လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရွာသားတစ်ဦးက ဆိုသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်နှစ်ဆောင် ပျက်စီးခဲ့ပြီး အိမ်အတွင်း၌ ရှိနေသည့် အသက် ၁၈ နှစ်အရွယ် ရွာသား ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ခြင်း ဖြစ်သည်။

အိမ်ထဲမှာ အိပ်နေတဲ့အချိန် သူ့အိမ်ဘေးကို လက်နက်ကြီးကျပြီး ထကွဲတာ၊ ဘယ်ဖက် ပေါင်အရင်းမှာ ဒဏ်ရာ တော်တော်လေးများတယ် ဟု  အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် နေရာမှာ ကျေးရွာ ဗလီကျောင်းနှင့် အနည်းငယ်သာ ကွာဝေးသော ကြောင့် အစ္စလမ်ဘာသာဝင်တို့၏ အိဒ်နေ့မှာ နမဇ်ရွတ်ဖတ်ရန်အတွက် စိုးရိမ်နေကြရကြောင်း ရွာသားများက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း မြို့နယ်ဆယ်ခုရှိသည့်အနက် တနင်္သာရီမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားမှု အများဆုံး မြို့နယ် တစ်ခုဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကို အများဆုံးခံရသည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ တကူကျေးရွာ အုပ်စုအတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။