ပြည်ထောင်စု ကားလမ်းမကြီးကို ရေဖြူ PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးမှုများလုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက် ။
ရေး – ထားဝယ်သွား အမှတ် (၈) ပြည်ထောင်စု ကားလမ်းမကြီးကို နယ်မြေလုံခြုံရေးအတွက် စစ်ကောင်စီတပ်ဖွဲ့၏ သွားလာမှုများနှင့် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ရေဖြူ အခြေစိုက် PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေး – ထားဝယ် ကားလမ်းမပေါ်မှ နယ်မြေလုံခြုံရေးအတွက် စစ်ဆေးမှုများကို ကလိန်အောင်မြို့ အခြေစိုက် ရွှေဘီလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – SBL၊ ကော်သူလေးအာမီ – KTLA၊ ထားဝယ်အမျိုးသား လွတ်မြောက် ရေး တပ်တော် – DNLA တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အသက် ၄၀ ခန့်အရွယ် ရေး – ထားဝယ် ခရီးသည်တင် ယာဥ်မောင်းတစ်ဦးက “PDF တွေ လုံခြုံရေးအရ စစ် ဆေးတာကို ကြည်ဖြူပါတယ်၊ မြန်မြန်လေး စစ်ဆေးပြီး ပြန်လွှတ်ပေးဖို့ပဲ လိုပါတယ်။ လမ်းခရီးသွားလာတဲ့ အခါ အချိန်ကြန့်ကြာမှု နည်းအောင်ပေါ့” ဟု ပြောသည်။
နယ်မြေ လုံခြုံရေးအတွက် စစ်ဆေးခြင်းများကို ဇွန်လ ၁၇ ရက်နေ့၊ နံနက် ၆ နာရီခွဲ မှ ၁၀ နာရီခွဲအချိန်ထိ ၄ နာရီခန့်အကြာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ စစ်ဆေးနေစဥ် နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီ၏ ခမရ – ၄၀၈ တပ်ရင်းအတွင်းမှ လက်နက်ကြီး လေးလုံးနှင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။
သို့သော် လူထိခိုက်မှု မရှိခဲ့ကြောင်း ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်မှ ပြောရေး ဆိုခွင့်ရှိသူက ဆိုသည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ စစ်ဆေးခဲ့သည့် နေရာနှင့် စစ်ကောင်စီ အခြေစိုက် တပ်ရင်းများဖြစ်ကြသည့် ခမရ – ၄၀၈ ၊ ခမရ – ၄၀၉ ၊ ခမရ – ၄၁၀ တပ်ရင်းတို့ရှိသည့် နေရာနှင့် ၆ မိုင်ခန့်သာ ကွာဝေးကြောင်း တာဝန်ရှိသူက ဆိုသည်။
ပူးပေါင်းတပ်ဖွဲ့များ အနေဖြင့် ထပ်မံ၍လည်း နယ်မြေစိုးမိုးရေး လှုပ်ရှားမှုများကို စဥ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ရေဖြူအခြေစိုက် PDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ရေး – ထားဝယ် ပြည်ထောင်စု လမ်းမပေါ် သွားလာနေကြသည့် ယာဥ်မောင်းနှင့် ခရီးသွားပြည်သူများအနေဖြင့် လုံခြုံရေးအရ စစ်ဆေးမှုကို ပူးပေါင်း ပါဝင်ပေးကြပါရန် နှင့် ပူးပေါင်း ပါဝင်ပေးခဲ့ကြသူ အားလုံးကိုလည်း ပူးပေါင်းတပ်ဖွဲ့မှ ကျေးဇူးအထူးတင်ရှိပါကြောင်း ထုတ်ပြန်ထားသည်။