ရေဖြူ၊ ရာဖူးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အထိနာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်။ 

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စုထဲက တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာ ရရှိသူများပြားခဲ့ပြီး အထိနာခဲ့သည်။ 

တိုက်ပွဲအတွင်း MA 2 စက်ကလေး တစ်လက်ကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၃၀ ကျော် သေဆုံးကာ ၂၀ ကျော်ဒဏ်ရာရှိသွားခဲ့ကြောင်း MSRF ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။ 

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့် ရှိသူက မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဘက်က ဒရုန်း၊ လက်နက် ကြီးတွေနဲ့ ပစ်သလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်၊ နှစ်ဖက်စလုံး အနီးကပ် ပစ် ကြတာ ဟု ပြောသည်။

ရာဖူးကျေးရွာအုပ်စု၊ မျောက်ချောကျေးရွာအနီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ တို့ကြား ၇ နာရီ အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာ ရရှိသူများပြားခဲ့ကြောင်း မွန်ပြည် တော်လှန်ရေးတပ် MSRF တာဝန်ရှိသူက ပြောသည်။ 

ဇွန်လ ၁၉ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်မှ ညနေ ၃ နာရီကျော် အချိန်ထိ အင်အား တစ်ရာကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်း နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲတွင် မွန်ပြည် တော်လှန်ရေးတပ် MSRF တပ်ဖွဲ့ဝင် နှစ်ဦး၊ ABSDF တစ်ဦးနှင့် ကံပေါက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ တစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

တိုက်ခိုက်မှုကို မွန်ပြည် တော်လှန်ရေးတပ် MSRF နှင့် အတူ ဒေါနစစ်ကြောင်း၊ ABSDF၊ KPDF၊ YGF၊ ရေး သိမ်း ငှက်၊ Air Force – YAF၊ NMSP -AD တို့ အပါအဝင် မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းပါဝင် တိုက်ခိုက် ခဲ့ကြခြင်း ဖြစ်သည်။ 

စစ်ကောင်စီတပ်မှ ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားရာ ရေး – ထားဝယ် ကားလမ်းမကြီး ကို ပြန်လည် ရယူနိုင်ရေးအတွက် အင်အားပြန်လည် ဖြည့်တင်းကာ စစ်ဆင်ရေး ပြန်လည် လုပ်နေခြင်း ဖြစ်သည် ဟု ဆိုကြသည်။ 

တိုက်ပွဲပြင်းထန်နေချိန် မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် မြိတ်လေတပ်စခန်းမှ ဂျက်ဖိုက်တာ တစ်စီး နှင့် Mi2 ရဟတ်ယာဥ် တစ်စီးတို့မှ ရာဖူးကျေးရွာ၊ မျောက်ချောကျေးရွာနှင့် အနီးအနားဝန်းကျင်ရှိ ကျေးရွာများဘက်သို့ ဗုံး လေးကြိမ် ကြဲချခဲ့သည်။ 

ခလရ ၂၈၂ တပ်ရင်းမှ လက်နက်ကြီးများနှင့် ပစ်ကူပေးခြင်းများအပြင် ရွာထဲသို့ ဝင်ရောက်ပြီး မီးရှို့ခဲ့ခြင်းကြောင့် မျောက်ချောကျေးရွာထဲက နေအိမ်တစ်ရာခန့် ရှိသည့်အနက် အိမ်အလုံးရေ ၄၀ ခန့် မီးလောင်ပျက်စီးသွား ကြောင်း ရွာသားများက ပြောသည်။ 

လက်ရှိတွင် မျောက်ချောကျေးရွာအတွင်း စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်ပြီး နေအိမ်များကို မီးရှို့မှုများ ဆက်လက် လုပ်ဆောင်နေကြခြင်းကြောင့် ရွာသားများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရသည်။ 

ရေး – ထားဝယ် လမ်းပိုင်းတလျှောက် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ အကြား စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်သည့် အတွက် ပြည်သူများ အနေ ဖြင့် အသွားအလာ ဆင်ခြင်ကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်မှ သတိပေးထုတ်ပြန်ထားသည်။