မိုင်းထိ သေဆုံးသွားသည့် တပ်သားကို စစ်ကောင်စီတပ်က စွန့်ပစ်ခဲ့၍ PDF က သင်္ဂြိုဟ်ပေး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်။
တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာ အနီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံးသွားသည့် စစ်ကောင်စီ တပ်သား အလောင်းကို စွန့်ပစ်ခဲ့ခြင်းကြောင့် တောဗုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့ရသည်ဟု အဖွဲ့တာဝန်ရှိတစ်ဦးက ပြောသည်။
“မိုင်းဆွဲတဲ့နေရာနဲ့ မနီးမဝေးမှာ တွေ့တာ။ အလောင်းက အနံ့ထွက်နေပြီ။ အရပ်ဝတ် အင်္ကျီနဲ့ စစ်ဘောင်းဘီနဲ့ တွေ့ရတယ်။ တာလပတ် အပိုင်းနဲ့ဖုံးပြီး မြေကြီးနည်းနည်းပဲ ဖုံးထားတယ်။ အမြင်မသင့်တော်တာကြောင့် ရွာ က လူတွေနဲ့ အဖွဲ့ကပဲ သေသေချာချာ မြေမြုပ် သင်္ဂြိုလ်ပေးလိုက်တယ်” ဟု တောဗုံးကြီးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ဇွန်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းက တောဗုံးကြီးအဖွဲ့မှ နယ်မြေရှင်းလင်းရေး ပြုလုပ်ချိန်တွင် ဘန်းလမွတ်ကျေးရွာ စာသင်ကျောင်းကုန်း အနောက်ဘက်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရကြောင်း အဖွဲ့ တာဝန်ရှိသူက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်က အရှေ့မော်တုန်းကျေးရွာ အခြေစိုက် အမတ – ၃၀၆ တပ်ရင်းဘက်မှ လာသည့် အင်အား ၆၀ ခန့်ပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို ဘန်းလမွတ်ကျေးရွာအနီး တောဗုံးကြီးအဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုကို ခြေနင်းမိုင်း တစ်လုံးနှင့် ဆွဲမိုင်းသုံးလုံးတို့ဖြင့် အသုံးပြုခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း တောဗုံးကြီးအဖွဲ့ တာဝန် ရှိသူက ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒဏ်ရာရသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးထဲမှ တစ်ဦးမှာ လမ်း၌ပင် သေဆုံး သွားခဲ့ခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ ဇဝဲကျေးရွာ အခြေစိုက် ခမရ – ၅၅၆ တပ်ရင်း အရောက်တွင် ထပ်မံ သေဆုံး သွားခဲ့သည်ကို စုံစမ်းသတင်းရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ဘန်းလမွတ်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ မိုင်းဆွဲတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ခဲ့ပြီး ထိခိုက်သေဆုံးခြင်းများ ရှိခဲ့သော်လည်း ယခုကဲ့သို့ အလောင်း စွန့်ပစ်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဘန်းလမွတ် ရွာသားများက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နှင့် ၂၁ ရက်နေ့တွင်လည်း မြိတ်ဘက်မှ တနင်္သာရီမြို့ဘက်သို့ ရိက္ခာပို့ဆောင်သည့် စစ်ကောင်စီ ယာဥ်တန်းများကို ဘန်းလမွတ်၊ ရမ်းဖိုနှင့် ကမ်းတိုကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးကြောင်း ရွာသားများက ဆိုသည်။