စစ်တပ်က ပစ်လိုက်သော လက်နက်ယမ်းငွေ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ မူးဝေအော့အန်မှုဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်။
ကရင်ပြည်နှင့် ကရင်နီပြည်အစပ်ဒေသ၊ ဘော်လခဲခရိုင်၊ ဖားဆောင်းမြို့တိုက်ပွဲထဲတွင် စစ်ကောင်စီတပ်က ပစ် ခတ်လိုက်သော လက်နက်ကြီး/ငယ်များက ထွက်သော ယမ်းငွေ့များကို ရှူမိပြီး တော်လှန်ရေး ရဲဘော်များ မူးဝေ အော့အန်ခြင်းနှင့် မျက်စိစပ်၊ မျက်ရည်ကျခြင်းများ ဖြစ်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။
ဇွန်လ ၁၇ ရက်နေ့ကတည်းက တစ်ကျော့ပြန် ဖြစ်ပွားနေသော ဖားဆောင်းတိုက်ပွဲတွင် ပစ်ခတ်ခဲ့လိုက်သည့် လက်နက်ကြီး/ငယ်များက ယမ်းငွေ့ကို ရှူမိသည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ မူးဝေအော့အန်တာမှုများ ဖြစ်ခဲ့ သည်။
ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက “ရဲဘော်ထိခိုက်မှုကတော့ ကျနော်တို့တပ်ရင်းမှာတော့ အားလုံးနီးပါး လိုလိုပါ၊ အငွေ့ဗုံးကိုရှူမိတာပေါ့နော်၊ ဖြစ်လာတဲ့ ဆိုးကျိုးကတော့ တခြားတပ်ရင်းမှာလည်း အများကြီး ဖြစ် တယ်၊ ဆိုးကျိုးအနေနဲ့ကတော့ မျက်လုံးတွေစပ်တယ်၊ မျက်နှာတွေစပ်တယ်၊ မျက်လုံးဖွင့်လို့မရတဲ့ အနေ အထားတွေ ဖြစ်တယ်။ ခန္ဓာကိုယ် တစ်ခုလုံးက ယားယံတဲ့ပုံစံတွေ ဖြစ်လာတာပေါ့နော်၊ ကျန်တဲ့ ဆိုးဆိုးဝါးဝါး တော့ မတွေ့ရဘူး၊ ဒါပေမဲ့ တစ်ရက်နှစ်ရက်နေပြီးတော့ ပျောက်သွားတဲ့ ပုံစံမျိုးတွေ့ရတယ်၊ အဆိပ်ဗုံး ပုံစံမျိုး တော့ ကျနော်တို့ မခံယူထားဘူးပေါ့နော်” ဟု ပြောပါတယ်။
သို့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမျိုးထိ ထိခိုက်မှုမျိုး မဟုတ်ဘူးဟု အဆိုပါ ရှေ့တန်း သတင်းအရင်းအမြစ်က ပြောသည်။
စစ်ကောင်စီတပ်က ဖားဆောင်းမြို့ပေါ်တွင် ဖြစ်ပွားနေသည့် ၄ လတာ တိုက်ပွဲကာလအတွင်း ပထမဆုံး အကြိမ် အသုံးပြုခြင်းဖြစ်ပြီး ရှေ့တန်း တပ်ဖွဲ့ဝင်များအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်မှု မရှိသောကြောင့် အားလုံး နီးပါး ပြန်လည် ကောင်းမွန်လာကြပြီဟု ဆိုကြသည်။
တော်လှန်ရေး အင်အားစုများဘက်က လတ်တလော အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားမှု မရှိခဲ့သော ကြောင့် ဒဏ်ရာရသူများကို ကြုံရာနည်းလမ်းနှင့်ပဲ ဖြေရှင်းခဲ့ရသည်ဟု ရှေ့တန်း စစ်မြေပြင် သတင်းအရင်း အမြစ်က ဆက် ပြောသည်။
“စစ်မြေပြင်မှာဖြစ်တဲ့အတွက် အရေးပေါ်နည်းလမ်းဆိုတာက ကျနော်တို့ မရှိဘူးပေါ့နော်၊ လက်ရှိအဲ့လိုမျိုး ခံစားရတာလည်း အခုမှဆိုတော့ ကျနော်တို့ ပြင်ဆင်ထားတာလည်း မရှိဘူး၊ ကျနော်တို့ ဒီလိုပဲ အချိန်ပေးပြီး တော့ပဲ ပြန်နေလိုက်တာမျိုး၊ အချိန်နဲ့ ဖြေလိုက်တာပဲ ရှိတာပေါ့နော်၊ တချို့ကျတော့လည်း ရဲဘော်လေးတွေက သွားတိုက်ဆေးတွေနဲ့ လိမ်းတာတော့ရှိတာပေါ့၊ အဲ့လိုမျိုးတွေနဲ့ပဲ ဖြေလိုက်တာပဲ ရှိပါတယ်။”
စစ်ကောင်စီတပ်က ဖားဆောင်းမြို့ပေါ် တိုက်ပွဲအတွက် ပထမ တစ်ကြိမ်တွင် အင်အား ၁၀၀ ခန့်နှင့် ဒုတိယ အကြိမ်၌ အင်အား ၂၀၀ ခန့် စစ်ကူပို့ပေးခဲ့ပြီး ပထမတစ်ကြိမ်ပို့လိုက်သော အင်အား ၁၀၀ လုံးက ချေမှုန်းခံ လိုက်ရသည်ဟု ကရင်နီတော်လှန်ရေး အင်အားစုများက ပြောသည်။
ဖားဆောင်းမြို့ပေါ်တွင် စခန်းသိမ်းတိုက်ပွဲများကို ဖေဖော်ဝါရီလက စတင်ဖော်ဆောင်ခဲ့ပြီး လက်ရှိတွင် စစ် ကောင်စီ၏ ခြေလျင်တပ်ရင်း တပ်စခန်းများဖြစ်သည့် ခလရ (၁၃၄) နှင့် (၁၃၅) ၂ ခုပဲ ကျန်ရှိတော့သည်ဟု မြေပြင်စစ်ရေး သတင်းအရင်းအမြစ်များက အတည်ပြုပြောဆိုသည်။