လားရှိုးတွင် ဗုံးကို ဆော့ကစားရာမှာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် လေးဦး ဒဏ်ရာ အပြင်းအထန်ရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၇) က ကလေးငယ် လေးဦးမှာ ဗုံးကို ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြသည်။

ဇွန်လ ၂၀ ရက်နေ့၊ နေ့လည် ၁၂ နာရီခွဲ အချိန်ခန့်တွင် ရပ်ကွက် (၇)၊ နယ်မြေ (၆)၊ (၂၉) လမ်းသွယ် ညောင်ဦးဖီး လမ်းကြားတွင် နေထိုင်သူ ကလေးငယ် တစ်ဦးက ဗုံးကို ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

ဖြစ်စဉ်ကိုတွေ့ရှိသူ တစ်ဦးက အဲ့ကလေးက ဗုံးဆော့တာ ၃ ရက်ရှိပြီ။ ဒီနေ့ကျမှ လမ်းမပေါ်မှာ ထွက်ဆော့ တာ။ သူထွက်ဆော့တဲ့ အချိန်မှာ ကျောင်းဆင်းတဲ့ ကလေးတွေက လာအုံးပြီး ကြည့်တာ။ သူတို့က ကလေးတွေ ဆိုတော့ ဘာမှမသိဘူးလေ။ ဆော့နေကြ ကလေးက လက်နဲ့ ရိုက်လိုက်တော့ ပေါက်ကွဲသွားတာ။ သူလက်က ပြတ် သွားပြီ။ မျက်နှာမှာရော ရင်ဘတ်မှာရော ထိတာ။ အကုန်လုံးက ဒဏ်ရာ ပြင်းထန်ကြတယ်ဟု ပြော သည်။

ဗုံးကို ဆော့ကစားခဲ့သည့် ကလေးမှာမူ လက်တစ်ဖက်ပါ ပြတ်ထွက်သွားသည်ဟု ဆိုကြသည်။

ထို ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် မောင်ဒွဲလာ၊ အသက် ၁၁ နှစ်အရွယ် မဘောက်ရာ၊ အသက် ၁၀ နှစ်အရွယ် စိုင်းသန်းလူ နှင့် အသက် ၅ နှစ်အရွယ် နန်းခွန်ဆိုင်လောဝ် တို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားခဲ့ ကြ သည်။

လက်ရှိတွင် ၎င်းတို့အားလုံးကို လားရှိုးဆေးရုံတွင် ပို့ဆောင်ပေးထားပြီး ဆေးကုသမှု ခံယူနေသည်ဟု ဒေသတွင်း လူမှုကူညီရေး အသင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပြီးနောက် ဌာနဆိုင်ရာများမှ လာရောက် စစ်ဆေးချိန်တွင်လည်း အနီးရှိ အိမ်ထဲတွင် ဗုံးအချို့ကို တွေ့ရှိခဲ့သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးများသည် စစ်ကောင်စီတပ်က ဟူမွန်ဆယ်ဘက်တွင် ထောင်ထားသည့် မိုင်းများကို ကလေးများက အိမ်သို့ယူလာပြီး ဆော့ကစားနေကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။

လားရှိုး ဒေသခံတစ်ဦးက သူတို့ရပ်ကွက်က လူတွေမေးကြည့်တော့ ဒီကလေးလေး‌တွေက ဟူးမွန်ဆယ် ဘက် ကနေ ကောက်ကောက်လာတာ။ ယူ ယူလာပြီး အိမ်မှာ လာထားတာ။ ဟူးမွန်ဆယ်ဘယ်မှာ‌ ဆိုတော့ စ‌စ်‌ကောင် စီ ထောင်ထားတဲ့ဟာပဲ နေမှာပေါ့ ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာတွင် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး လက်တစ်ဖက်ဖြတ် လိုက်ရ သည်။