မိုင်းလုံတွင် စစ်တပ်က လေကြောင်းမှ ပစ်ခတ်မှုကြောင့် ကလေးတစ်ဦး အပါအဝင် ၃ ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်။
ရှမ်းမြောက်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ထဲတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်း မှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၃ ဦး ထိမှန် ဒဏ်ရာ ရရှိခဲ့သည်။
မိုင်းလုံမြို့နယ်၊ တောင်နီကျေးရွာအုပ်စု၊ တောင်နီကျေးရွာထဲ ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် စစ် ကောင်စီတပ်က လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ရွာခံ အမျိုးသားတစ်ဦးက “တစ်ခေါက် လာဝဲပြီးတော့မှ နောက်တစ်ခေါက် လာပစ်သွားတာ။ စကစ ဘက်က လေယာဉ်နဲ့ လာပစ်တာ။ ထိခိုက်မှုက နေအိမ်ရယ်၊ ကျောင်းရယ်၊ ကျန်းမာရေး ဆေးခန်းတွေရယ် ပျက်စီး သွား တယ်။ ထိခိုက်သွားတဲ့ အိမ်က ကလေးတစ်ယောက် ထိသွားတယ်။ ခေါင်းနဲ့ ခြေထောက်တွေမှာ ဒဏ်ရာ ရသွား တယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ထဲ၌ လူနေအိမ် ၄ လုံးအပြင် ကျောင်း နှင့် ဆေးခန်းတို့ပါ ထိမှန် ပျက်စီးသွားခဲ့ကြောင်း ရွာသားများက ပြောသည်။
ဒဏ်ရာ အပြင်းအထန်ရသွာသည့် ကလေးမှာ အသက် ၁၀ နှစ်အရွယ်ရှိသည့် မမိုးမိုးလေးဆိုသူ ဖြစ်ပြီး ဒေသခံ အမျိုးသား နှစ်ဦးလည်း ဒဏ်ရာ အနည်းငယ်ပြင်းထန်သည်ဟု ဆိုကြသည်။ လက်ရှိတွင် ၎င်းတို့ကို မိုင်းလုံ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြရသည်။
ဇွန်လ ၂၀ ရက်နေ့၊ ညနေ ၆ နာရီအချိန်တွင်လည်း မိုးကုတ်မြို့နယ် ဟိုဝိတ်ကျေးရွာ၌ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးလာကြဲခဲ့သည့်အတွက် ဒေသခံတစ်ဦး ဒဏ်ရာရသွားသည်ဟု တအာင်းမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ထားသည်။
ထို့အပြင် ဇွန်လ ၁၉ ရက်နေ့၊ နံနက် ၁၁ နာရီခွဲအချိန်၌လည်း စစ်ကောင်စီတပ်က ၎င်းတို့ တပ်စွဲထားသည့် နောင် ချိုမြို့နယ်ထဲက ရွှေညောင်ပင်ကျေးရွာနှင့် ဆမ္မဆယ်ကျေးရွာဘက်ရှိ TNLA တပ်စခန်းသို ဒရုန်းသုံးကာ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်၍ ၎င်းတို့၏ တပ်သား ၂ ဦး ထိမှန် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထား သည်။
ဟိုင်ဂင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး စစ်ကောင်စီတပ်က စစ်ရေး တိုက်ခိုက်မှု များကို ဇွန်လထဲတွင် ဆက်တိုက် လုပ်ဆောင်လာနေသည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သတင်းနှင့် မီဒီယာ ကွန်ရက်သတင်းဌာနကို ပြောသည်။
စစ်ကောင်စီတပ်က ရှမ်းမြောက်ဒေသထဲက TNLA တပ်စခန်းများ ရှိနေသည့် နေရာများနှင့် ပြည်သူလူထု နေထိုင် သည့် ကျေးရွာများထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းအပြင် လေယာဉ်များကို အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခြင်းများ ဇွန်လဆန်းကတည်းကစပြီး ဆက်တိုက် လုပ်ဆောင်လာနေသည်ဟု TNLA က ထုတ်ပြန် ထားသည်။